ပူတင်ရဲ့ အိန္ဒိယခရီးစဉ်မှာ အိန္ဒိယဆီက ပုစွန်နဲ့ ကားတွေ ဝယ်ယူဖို့ သဘောတူ

Author CJ Platform
Categories
Published on Dec 05, 2025

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ၂ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ကို ဒီကနေ့ ရောက်ရှိလာပါပြီ။ အမေရိကန်သမ္မတ ထရမ့်ရဲ့ ပြင်းထန်တဲ့ အခွန်စည်းကြပ်မှုတွေကြားမှာ ရုရှားနဲ့ အိန္ဒိယခေါင်းဆောင် နှစ်ဦးဟာ ၂၀၃၀ ခုနှစ်မှာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ဘီလီယံ ၁၀၀ အထိ ရောက်ရှိဖို့ ရည်မှန်းချက်ထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

 

အိန္ဒိယက ရုရှားရေနံတွေ ဝယ်ယူနေတာဟာ မော်စကိုရဲ့ စစ်ပွဲကို ငွေကြေးထောက်ပံ့ရာ ရောက်တယ်ဆိုပြီး သမ္မတထရမ့်က အိန္ဒိယသွင်းကုန်တွေကို ၅၀ ရာခိုင်နှုန်းအထိ အခွန်တိုးကောက်ခဲ့ပါတယ်။ ဒီဒဏ်ကြောင့် ပြီးခဲ့တဲ့ ဧပြီကနေ ဩဂုတ်လအတွင်း ရုရှား-အိန္ဒိယ ကုန်သွယ်မှုတောင် အနည်းငယ် အေးစက်သွားခဲ့ရပါတယ်။ ဒါကြောင့် အိန္ဒိယဟာ အမေရိကန်အစားထိုး ဈေးကွက်သစ်ကို ရုရှားဆီမှာ ရှာဖွေလာတာ ဖြစ်ပါတယ်။