ပုသိမ် အကျဉ်းထောင်ဖြစ်စဉ်သည် စစ်ကောင်စီမှ UNSC တောင်းဆိုချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်သည်ဟု NUG ပြောကြား

Author လင်းခိုင်
Categories
Published on Jan 09, 2023

 

ပုသိမ် အကျဉ်းထောင်ဖြစ်စဉ်သည် စစ်ကောင်စီမှ UNSC resolution တွင် ပါ၀င်သည့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် ဆိုသည့်အချက်အား ပြောင်ပြောင်တင်းတင်းနှင့် အပြည့်အ၀ ချိုးဖောက်ခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ ယနေ့ ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၆ ရက်က ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ပုသိမ်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းထောင်ညွှန်ကြားရေးမှူး ဦးဇော်စစ်အောင်အပါအ၀င် ပုသိမ်ထောင်၀န်ထမ်းများ၊ ရဲတပ်ဖွဲ့များကြောင့် အကျဉ်းခံနေရသူ အယောက် ၇၀ ခန့်သည် မတရားသဖြင့် အကြမ်းဖက်ခံရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုအကြမ်းဖက်မှုကြောင့် ကိုဝေယံဖြိုး အသက်(၃၃နှစ်) သည် မတရားသဖြင့် သေဆုံးခဲ့ရပြီး၊ ကို၀င်းမင်းထက်(မဲကြီး) အသက် ၃၁ နှစ်မှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည် အယောက် ၇၀ အနက် ၉ ဦးသည် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အထက်ပါဖြစ်စဉ်သည် စစ်ကောင်စီအနေဖြင့် UNSC Resolution တွင် ပါ၀င်သည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ဆိုသည့် အချက်အား ပြောင်ပြောင်တင်းတင်းနှင့် အပြည့်အ၀ ချိုးဖောက်ခြင်းဖြစ်သည်ဟု NUG ကထောက်ပြထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး၀န်ကြီးဌာနအနေဖြင့် အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် မတရားသတ်ဖြတ်မှုများကို မှတ်တမ်းတင်ကာ သက်ဆိုင်ရာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့ခြင်းအပါအ၀င် နည်းအမျိုးမျိုးဖြင့် တရားမျှတမှုဖော်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #ပုသိမ်အကျဉ်းထောင်