ပုသိမ်အကျဉ်းထောင် ဖြစ်စဥ်နှင့် ပတ်သက်၍ ကျူးလွန်သူများ တာဝန်ခံရမည်ဟု AAPPထုတ်ပြန်

Author ခေတ်နီ
Categories
Published on Jan 08, 2023

ပုသိမ်အကျဥ်းထောင်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအကျဥ်းသားများနှင့် ထောင်အာဏာပိုင်တို့အကြား ပဠိပက္ခအတွင်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဥ်းသားတစ်ဦး သေဆုံးမှုအပေါ် ကျုးလွန်ခဲ့သူများအနေဖြင့် တာဝန်ခံရမည်ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့ညပိုင်းတွင် ပုသိမ်အကျဥ်းထောင် အတွင်း နိုင်ငံရေးအကျဉ်းသားများနှင့် ထောင်အာဏာပိုင်တို့ကြား ပြဿနာဖြစ်ပွားခဲ့ပြီး ထောင်အာဏာပိုင်များ ဘက်မှ လူကို သေစေနိုင်သည့် လက်နက်များဖြင့် ပစ်ခတ်ခြင်း၊ အသံဗုံးခွဲခြင်း၊ အုပ်စုလိုက်ဝိုင်းဝန်းရိုက်နှက်ခြင်း၊ လက်ပြန်ကြိုးတုပ်ပြီး အပြင်းအထန်ရိုက်နှက်ခြင်း များကြောင့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံးတစ်ဦး သေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသား အများအပြား အပြင်း အထန် ဒဏ်ရာရရှိခဲ့ကာ ထောင်အာဏာပိုင်များဘက်မှ ယခုလို လုပ်ဆောင်မှုများသည် အကျဉ်းထောင် လုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး မတရား ညှဉ်းပန်းနှိပ်စက်မှုနှင့် ဥပဒေမဲ့ သတ်ဖြတ်ခြင်းဖြစ်သည့် ကြီးမား သောရာဇဝတ်မှုကိုပါ ကျူးလွန်လိုက်သည့် လုပ်ရပ် ဖြစ်ကြောင်း AAPPက ဆိုထားသည်။

ထို့အပြင် ထောင်အာဏာပိုင်များ ဘက်မှ လူသေဆုံးစေသည်အထိ လုပ်ဆောင်ခဲ့ခြင်းသည် အကျဉ်းထောင်တွင်း မတရား ညှဉ်းပန်းနှိပ်စက်ခြင်း နှင့် ဥပဒေမဲ့ မတရားသတ်ဖြတ်ခြင်းကို ကျူးလွန်လိုက်ကြောင်း ထင်ရှားနေသည့် အပြင် ထိုသို့ ကျူးလွန်မှုသည် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားရက်စက်၍ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာ ကျဆင်းစေသော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှုဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ် (UNCAT) ကို အတိအလင်း ချိုးဖောက်ရာ ရောက်ကြောင်းလည်း AAPP၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့သို့ ကျူးလွန်ခဲ့မှုအပေါ် ပုသိမ်အကျဉ်းထောင် တာဝန်ခံအရာရှိ နေမင်းထက်၊ ပုသိမ်မြို့မရဲစခန်းမှူး မြင့်အောင်၊ နယ်မြေစခန်းမှူး ကျော်ဦးတို့အပါအဝင် အမိန့်ပေးစေခိုင်းသူများ၊ သက်ဆိုင်ရာ ထောင်အာဏာပိုင်များနှင့် ကိုယ်တိုင်ကျူးလွန်သူများ အားလုံးအနေဖြင့် တာဝန်ခံရမည် ဖြစ်ကြောင်းလည်း AAPPကဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးချိန်မှ စပြီး တရားဥပဒေ စိုးမိုးရေး ပျက်ပြယ်သွားခဲ့ပြီး စစ်ကောင်စီ၏ အမာခံ ထောက်တိုင်များဖြစ်ကြသည့် တရားသူကြီးများ၊ စစ်သားများ၊ ရဲများ၊ အကျဉ်းဦးစီးဝန်ထမ်းများသည် စစ်ကောင်စီအလိုကျ မတရားဖမ်းဆီးခြင်း၊ ဥပဒေမဲ့ မတရား ပြစ်ဒဏ်များ ချမှတ်ခြင်း၊ အကျဉ်းထောင် အသီးသီးတွင်လည်း နိုင်ငံရေးအကျဉ်းသားများအား ရည်ရွယ်ချက်ရှိရှိဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အနိုင်ကျင့်စော် ကားခြင်းများ ပြုလုပ်လျက်ရှိနေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ပုသိမ်ထောင် ဖြစ်စဉ်အပါအဝင် မြန်မာနိုင်ငံအတွင်း နေ့စဉ် ကြုံတွေ့ နေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဥပဒေမဲ့ သတ်ဖြတ်မှုများနှင့် မတရား ညှဉ်းပန်းနှိပ်စက်မှုများသည် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများအား ကျူးလွန်နေခြင်းဖြစ်ပြီး အဆိုပါ ကျူးလွန်မှုများကို ပြည်တွင်း တရားစီရင်ရေးကဏ္ဍအတွင်း ကိုင်တွယ် အရေးယူနိုင်ခြင်းမရှိသည့်အတွက် နိုင်ငံတကာ တရားစီရင်ရေးယန္တရားတွင် အရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးကြပါရန် လည်း အလေးအနက်တို က်တွန်းကြောင်း AAPPမှ ထုတ်ပြန်ထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ပုသိမ်အကျဉ်းထောင် #ထောင်တွင်းလူသတ်မှု #AAPP