ပုသိမ်မြို့မှ မဲဆောက်သို့တိမ်းရှောင်လာရသည့်အမျိုးသမီးတစ်ဦး၏ တီးတိုးသံ

Author အိုင်လာ
Categories
Published on Oct 01, 2023

၀ရမ်းထုတ်လို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရတာပါ။ သားအမိ နှစ်ယောက်တည်းထွက်ပြေးလာရတာပါ။ အမျိုးသားက အမိန့်မချသေးပေမယ့် ပုသိမ်ထောင်တွင်း အစာငတ်ခံဆန္ဒပြလို့ ရိုက်နှက်နှိပ်စက်ရင်း အသက်ဆုံးရှုံးခဲ့ရပါတယ်။ ထောင်တွင်းဆူပူမှုနဲ့ ရိုက်နှက်စစ်ဆေးခံရတာနဲ့ အသက်ဆုံးရှုံးသွားရတာပါ။

မြန်မာပြည်တွင်းထွက်ပြေးရတာကတော့ အမျိုးသားမဖမ်းမိခင်အချိန်ထဲက မိသားစုတကွဲတပြားစီ ထွက်ပြေးခဲ့ရပါတယ်။ ဖမ်းမိပြီး တိမ်းရှောင်ချိန် အမျိုးသားသေသွားတော့မှ နိုင်ငံတော်ပိုင်သတင်းစာတွေနဲ့ မီဒီယာတွေမှာ မိသားစုဓာတ်ပုံတွေ တင်တာကြောင့် ဆိုးဆိုးဝါးဝါးကို ဖမ်းစီးနေချိန် အတော်လေးဒုက္ခရောက်ခဲ့ရတယ်။ စပြေးရချိန်က ၂၀၂၂ ခုနှစ်ကတည်းကပါ။ မဲဆောက်ဘက်ရောက်တာကတော့ အခုနှစ် တစ်လပိုင်းလောက်ကပါ။

အခုလက်ရှိ အလုပ်ကိုင်အခွင့်အရေးနည်းပါးတာနဲ့ကြုံတွေ့နေရပါတယ်။ လေးတန်း‌ကျောင်းသား သားလေးအတွက် ကျောင်းစရိတ်ကို ငရုပ်သီးခြွေ၊ ငါးဖမ်းပိုက်ထိုး၊ ဟိုတယ်မှာ သန့်ရှင်းရေးလုပ်ပြီး ရုန်းကန်နေရပါတဘ်။ တစ်ရက်စာလုပ်အားခကလည်း ဒီမှာ အရမ်းအနှိမ်ခံရတာပါ။ သားအမိ နှစ်ယောက်ထဲ ရပ်တည်ရတာကြောင့် ငွေကြေးခက်ခဲပြီး နေထိုင်စရိတ်၊ စားသောက်စရိတ်၊ ကလေးအ‌တွက် အသုံးစရိတ် မလောက်ငှတာတွေ ဖြစ်ပေါ်နေပါတယ်။

ပုသိမ်ထောင်က အာဏာပိုင်တွေကို ကြီးလေးတဲ့အပြစ်ကို ခံယူစေချင်ပါတယ်။ ထောင်တွင်းနှိပ်စက်မှုတွေကို နိုင်ငံတကာက ကြည့်ရှုပေးစေချင်တယ်။ ကိုယ့်ရဲ့စိတ်၊ အတ္တစိတ်တစ်ခုထဲနဲ့ဆိုရင် ကိုယ့်အမျိုးသားကို သတ်ခဲ့တဲ့‌ထောင်တွင်းအာဏာပိုင် လူတွေကိုကိုယ်တိုင်သတ်ပစ်ချင်ပါတယ်။