ပုသိမ်မြို့တွင် ညမထွက်ရအမိန့်ကို မလိုက်နာသည်ဟု ဆိုကာ ပြည်သူ ၇ဦးကိုထောင်ဒဏ် ၁ လစီချမှတ်
ပုသိမ်မြို့နယ်တွင် ပုဒ်မ ၁၄၄ အမိန့်ကို လိုက်နာမှုမရှိသည်ဟု ဆိုကာ ပြည်သူ ၇ ဦးကို ယမန်နေ့က စစ်ကောင်စီ လက်အောက်ခံ ပုသိမ်မြို့နယ် တရားရုံးက ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။
အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးက ဦးဆောင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ပြည်သူ၇ ဦးမှာ လက်လုပ်လက်စားများဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“လယ်ထဲသွားတဲ့လူတွေ မနက်ဆွမ်းထချက်တဲ့သူတွေကိုမနက် လေးနာရီမှာတွေ့လို့ ဖမ်းတယ် ပြီးတော့ ပုဒ်မ ၁၄၄နဲ့ ထောင်ချတယ် ကိုယ့်ရပ်ရွာကလူတွေ အခုလိုဘာပြစ်မှုမှမလုပ်ဘဲ ဖမ်းပြီးထောင်ချတော့ စိတ်မကောင်းဘူး”ဟုပြောသည်။
ပုသိမ်မြို့နယ်တွင် ဇူလိုင်လ ၂၆ ရက်က ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်အား အမိန့်အမှတ် (၅/၂၀၂၂) ဖြင့် မြို့နယ်အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ကြေညာခဲ့တာဖြစ်သည်။
ပုသိမ်မြို့နယ်အုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ကြေညာခဲ့သော ပုဒ်မ ၁၄၄ တွင် ည ၁၂ နာရီအချိန်မှ နံနက် ၄နာရီအချိန်အထိ မည်သူမဆို အမိန့်တစ်စုံ တစ်ရာမရှိဘဲ လမ်းများပေါ်သို့ တက်ရောက်သွားလာခြင်းမပြုရန် ဟုပါရှိသည်။