ပုသိမ်ထောင်တွင် ဆူပူမှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်း ဒဏ်ရာရသူများရှိ

Author ကိုပေါက်
Categories
Published on Jan 06, 2023

 

ပုသိမ်အကျဥ်းထောင်တွင် ယနေ့ နံနက်ပိုင်းက အကျဥ်းသားများကို ဝန်ထမ်းများမှ ရိုက်နှက်ရာမှ ဆူပူမှုဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်နှင့် ရဲများက သေနတ်ဖြင့်ပစ်ခတ်ကာ ဖြိုခွင်းခဲ့၍ ဒဏ်ရာရသူများရှိသည်ဟု ထောင်အနီး နေထိုင်သူတွေဆီက သိရသည်။

ပုသိမ်အကျဥ်းထောင်တွင် ယနေ့ နံနက်ပိုင်းက အကျဥ်းသားတစ်ဦးကို ထောင်ဝန်ထမ်းများက ရိုက်နှက်ရာမှ ဆူပူမှု ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် ရဲများက အင်အားသုံး ဖြိုခွင်းခဲ့တာ ဖြစ်သည်ဟု ထောင်အနီးနေထိုင်သူတစ်ဦးက
CJ Platform ကိုပြောသည်။

“မနေ့ညကတည်းက ဖြစ်နေတာ ဒီမနက်ကျတော့ ဝန်ထမ်းတွေက အကျဥ်းသားကို ရိုက်တာကစပြီး ပြန်ဖြစ်တာ စစ်တပ်တွေရော ရဲတွေရော ရောက်လာတာ ခဏနေတော့သေနတ်သံတွေကြားတယ် ဒဏ်ရာရတဲ့သူ ရှိတယ်ပြောတယ်” ဟု ပြောသည်။

ပုသိမ်အကျဥ်းထောင်တွင် ဆူပူမှုဖြစ်ပွားခဲ့ပြီး စစ်တပ်မှ သေနတ်ဖြင့် ပစ်ဖောက်ကာ လူစုခွဲခဲ့ရသည်မှာ မှန်ကန်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း အကျဥ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက CJ Platform မှ ဆက်သွယ်မေးမြန်းမှုကို ငြင်းဆန် ဖြေကြားထားသည်။

“ဝန်ထမ်းနဲ့ အကျဥ်းသား ပြသာနာ တက်တာ သေနတ်နဲ့လူ ခွဲသွားအောင် အပေါ်ကို ထောင်ပစ်တာ သေတဲ့သူရော ဒဏ်ရာရတဲ့ သူရော မရှိဘူး”ဟု ငြင်းဆိုထားသည်။

လက်ရှိ အခြေအနေတွင် မြို့ခံများနှင့် အကျဥ်းဦးစီးဌာန၏ ပြောပြချက်အရ ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊မရှိကို CJ Platform အနေဖြင့် သီးခြားအတည်ပြုနိူင်ခြင်းမရှိပေ။

ပုသိမ်အကျဉ်းထောင်အတွင်းတွင် ယမန်နေ့ညပိုင်းကတည်းက ဆူပူမှုဖြစ်ပွားခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၈ဦးကို ထောင်တာဝန်ရှိသူများမှ သွားကျွတ်သည်အထိ ရိုက်နှက်ခဲ့ပြီးနောက် တစ်ဦးမှာ ပျောက်ဆုံးနေခဲ့ကြောင်း ဧရာဝတီတိုင်းမ် သတင်းဌာနတွင် ဖော်ပြထားသည်။

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အဖြစ် အကျဥ်းသားဦးရေ ၇၀၁၂ ဦးကို စစ်ကောင်စီကလွတ်ငြိမ်းချမ်းသာခွင့်ပေးရာ ပုသိမ်အကျဉ်းထောင်မှ အကျဉ်းသား ၂၀၄ဦး၊ အကျဉ်းသူ ၂၉ဦး၊ စုစုပေါင်း ၂၂၃ ဦးပြန်လည် လွတ်မြောက်ခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ပုသိမ်အကျဉ်းထောင် #ဆူပူမှု