ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်တို့က စစ်ကောင်စီတပ်စခန်းတွေကို MDY PDF သိမ်းယူ၊ စစ်ကောင်စီဗိုလ်ကြီးအပါအဝင် ၁၆ ဦးကို ဖမ်းဆီးရမိ

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ်တို့က စစ်ကောင်စီတပ်စခန်းတွေကို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ MDY PDF က ဒီနေ့ ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းရွာနဲ့ မြကန်သာတို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ မတ္တရာမြို့နယ် ထန်းပင်ကုန်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို မနေ့ ဇူလိုင် ၂၀ ရက်မှာ အပြီးသတ် သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တပ်စခန်းသိမ်းယူမှုအတွင်း စစ်ကောင်စီဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၆ ဦးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၁၅ လောင်းကိုလည်း သိမ်းဆည်းရရှိခဲ့သလို ဒရုန်းဖျက်စက်ကားတစ်စီး၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေအပါအဝင် လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်စခန်းသိမ်း စစ်ဆင်ရေးကို MDY PDF နဲ့အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့၊ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့ (Security & Special Task Force – SSTF) တို့က ပူးတွဲ စစ်ဆင်ရေးဖော်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
အခု ဇူလိုင် ၁၇ ရက်ကလည်း မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်နေတဲ့ စစ်ကောင်စီ စစ်ရေယာဉ်အုပ်စုကို မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ စစ်သင်္ဘောတစ်စီးနဲ့ တွန်းသင်္ဘောနှစ်စီး မီးလောင်ပျက်စီးခဲ့သလို လက်နက်ရိက္ခာတွေ တင်ဆောင်လာတဲ့ အခြားတွန်းသင်္ဘောတစ်စီးလည်း ပျက်စီးနစ်မြုပ်ခဲ့ပါတယ်။
ဓာတ်ပုံ – MDY PDF