ပုလဲ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ၀င်ရောက်တိုက်ခိုက်မှု ရဲ ၇ ဦးထက်မနည်းသေဆုံး

Author မင်းထက်
Categories
Published on Nov 16, 2023

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ဦးစီးဌာနရုံးတို့ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်သား ၇ညဦးထက်မနည်းသေဆုံးကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်မှစတင်ကာ အထက်ပါနေရာများကို တော်လှန်ရေးတပ်ဖွဲ့များက မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အထိ ၆ နာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

“တိုက်ခိုက်မှုပြီးနောက်တော့ာ ရဲတွေကျတာ သက်သေရတယ်ဗျ။ ရဲနှစ်ယောက်က လုံး၀ကျတယ်။ တစ်ယောက်ကပေါင်ပြတ်သွားတယ်လို့ အတွင်းသတင်းရတယ်ဗျ။ ထွေအုပ်ရုံးထဲက စကစတပ်သားတွေလည်းသေတယ်။ ထွေအုပ်ရုံးထဲအလုပ်လုပ်ပေးနေတဲ့ ၀န်ထမ်းပါပဲ။ ၂ ယောက်ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်လို့ သိရတယ်” ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယင်းတိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်းမှ စစ်ကောင်စီ တပ်သား ကံကောင်းနှင့် ကိုကိုနိုင်အပါအဝင် အမည်မသိရသူ  ၇ ဦး သေဆုံးခဲ့ပြီး ထွေအုပ်ရုံးအတွင်းမှ သေဆုံးသူ မည်မျှရှိသည်ကို စုံစမ်းလျက်ရှိကြောင်း ပခုက္ကူခရိုင်တပ်ရင်း ၁၄ ထံမှ သိရသည်။

 

“မနေ့ကမနက်အစောပိုင်း ၆ နာရီခွဲလောက်တည်းက လက်နက်ကြီးအများပြားပစ်တာပါပဲ။ ကျွန်တော်တို့နဲ့ နီးတယ်ဆိုတော့လေ။ ကြောက်မက်ဖွယ်အသံကြီးတွေပါပဲ။ ပြင်းပြင်းထန်ထန်အသံကြီးတွေ တစ်ချိန်လုံးကြားနေရတာ။ အဲဒီကနေ မြို့ပေါ်ကားတွေနဲ့ ၀င်တိုက်တာ။ အဲဒီချိန်မှာ ရဲစခန်းရော၊ ထွေအုပ်ရုံးက ခါတိုင်းရှိတဲ့စျေးနားကမလာဘဲ သူတို့တပ်စခန်းကနေ ခံပစ်တာတဲ့အနေထားရှိခဲ့မယ်” ဟု ပုလဲဒေသခံတစ်ဦးက ပြောသည်။

 

ထိုထိတွေ့ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များက မြို့ပေါ်အနှံ့ ဝင်ရောက်နေရာယူခဲ့ပြီး ရဲစခန်းနှင့် ထွေအုပ်ရုံးကို အပြီး ချေမှုန်းရန် ကြိုးစားတိုက်ခိုက်ခဲ့သော်လည်း ဆားလင်းကြီးမြို့နယ် ကျားတက်ကျေးရွာအတွင်းတပ်စွဲထားသော အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းက စစ်ကူ လာရောက် တပ်ကူပေးသောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင်တပ်ရင်း ၁၅ (ကျားသစ်နက်)၊ ယင်းမာပင်ခရိုင်အမှတ် ၁၁ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း တပ်ခွဲ -၂(သံမဏိသိန်းငှက် )၊ ယင်းမာပင်ခရိုင် တပ်မဟာစစ်ကြောင်းနှင့် PCL (LDF)မြိုင် ၊ နဂါးနီ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (မြိုင်)၊ ယင်းမာပင်ခရိုင် တပ်ရင်း  ၁၇ ၊ ယင်းမာပင်ခရိုင် တပ်ရင်း  ၂၉ စသည့် ညီနောင်မဟာမိတ်အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။