ပုလဲ တိုင်းလွှတ်တော်အမတ် နေအိမ်အပါအဝင် သစ်စက်နှင့် ဝန်ထမ်းအိမ်ရာကို စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ခေါင်းဆောင် ဦးဇော်ထက်၏ နေအိမ်၊ နိုင်ငံပိုင်သစ်စက်နှင့် သစ်တောဝန်ထမ်းအိမ်ရာအပြင် နေအိမ်တစ်လုံးတို့ကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားကြောင်း ပုလဲမြို့နယ်ပအဖထံမှ သိရသည်။
ဦးဇော်ထက်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ရွေးကောက်ခံ ပုလဲမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။
လည်ပတ်ခြင်းမရှိတော့သည့် သစ်စက်ဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာတွင် မိသားစုငါးစုနေထိုင်နေပြီး မီးရှို့ခံရမှုကြောင့် ဒုက္ခတွေ့နေကြောင်း ပုလဲပအဖ လူသားစာနာ တာဝန်ခံက ပြောသည်။
“သူတို့မှာ အဝတ်စားကစ၊ ထမင်းချက်ဖို့ ဒန်အိုးဒန်ခွက်ကအစ မရတော့တာပေါ့။ စစ်ကြောင်းကလည်း ရုတ်တရက်လာတာဆိုတော့ ကိုယ်လွတ်ရုန်းပြေးကြရတော့ နေထိုင်ဖို့အရေး အဝတ်စားကအစ ခက်ခဲနေတာပေါ့” ဟု ၎င်းက CJ Platform သို့ ပြောသည်။
စစ်ကောင်စီစစ်ကြောင်း မီးရှို့ခံမိသားစုများ နေရေးထိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းစီစဉ်နေပြီး အရေးပေါ် ဆန်တစ်အိတ်၊ ဆီတစ်ပုံးစီ ထောက်ပံ့ကူညီပေးခဲ့ကြောင်း အဆိုပါတာဝန်ခံက ပြောသည်။
ပုလဲမြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေသော စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အိုင်းမနှင့် ငှက်ပျောတောရွာတို့ဘက်မှတစ်ဆင့် မင်းတိုင်ပင်ကျေးရွာသို့ဝင်ရောက်ပြီး ညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။
ထို့နောက် ဖေဖော်ဝါရီ ၂၅ ရက်တွင် မြေနီကုန်း၊ ထန်းတောတိုက်နှင့် သရက်ကျေးရွာတို့ရှိ ပြည်သူပိုင်ပစ္စည်းများကို ဇီးဖြူကုန်းပျူစောထီးကျေးရွာသို့ နွားလှည်းများဖြင့် ခိုးယူသယ်ဆောင်သွားပြီးနောက် မင်းတိုင်ပင်ကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဝင်ရောက်လာပြီးနောက် ဦးဇော်ထက် နေအိမ်အပါအဝင် သစ်စက်၊ ဝန်ထမ်းအိမ်ရာတို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ထိုသို့ သစ်စက်ဝန်ထမ်းအိမ်ရာများအားလုံး မီးရှို့ဖျက်ဆီးခံရခြင်းကြောင့် ယင်းအိမ်ရာနေ မိသားစုငါးစုမှာ နေထိုင်ရာမဲ့ဖြစ်သွားရသည့်အပြင် ဆင်းဆင်းရဲရဲလုပ်ကိုင်စုဆာင်းထားသမျှ ပစ္စည်းဥစ္စာအားလုံး မီးရှို့ခံလိုက်ရသောကြောင့် လက်ဗလာနှင့် အခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရသည်။
ထိုမှတစ်ဆင့် ထိုမီးရှို့စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဝါးကြီးတောကျေးရွာမှ ခိုးယူလာသည့် ပြည်သူပိုင် ပစ္စည်းများကို ကန့်ဒေါင့်ရွာတွင်းရှိ စစ်သားများထံ ပို့ဆောင်ပေးခဲ့ပြီးနောက် နှစ်ဖွဲ့ခွဲပြီး အောင်ချမ်းသာနှင့် ကြောင်ဝင်းဒူးကျေးရွာတို့သို့ ညအိပ်တပ်စွဲနေကြောင်း သိရသည်။
ပုလဲမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာအတွင်း ဝင်ရောက်မီးရှို့၊ ပြည်သူပိုင် ပစ္စည်းဥစ္စာများကို ခိုးယူသယ်ဆောင်နေသဖြင့် စစ်ကြောင်းသတင်းများကို နားစွင့်ပြီး မိမိပိုင် ပစ္စည်းဥစ္စာများကို သယ်ဆောင်ကာ စစ်ကြောင်းနှင့်ဝေးရာသို့ ကြိုတင်သတိထားရှောင်ကျဉ်နေထိုင်ကြရန် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးတိုက်တွန်းထားသည်။