ပုလဲ၊ ကန့်ဒေါင့်ရွာ နယ်မြေရဲစခန်းက စစ်ကောင်စီ စစ်ကြောင်းမှူးကို ဖမ်းမိ

Author မင်းထက်
Categories
Published on Mar 28, 2024

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်းပေါ်မှ ကန့်ဒေါင့်ရွာ နယ်မြေရဲစခန်းတွင် အထိုင်ချထားသည့် စစ်ကောင်စီလက်အောက်ခံ စစ်ကြောင်းမှူး ဗိုလ်ကြီးတစ်ဦးကို ယမန်နေ့နံနက်ပိုင်းက ဖမ်းဆီးနိုင်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း (၁၉) – Pale Jokers PDF အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယမန်နေ့ မတ် ၂၇ ရက် နံနက် ၁၁ နာရီခွဲခန့်က ထိုရဲစခန်းမှ ထွက်လာသောစစ်ကြောင်းမှူး ဗိုလ်ကြီး ဟိန်းရဲထက်ကို Pale Jokers PDF အဖွဲ့က ဖမ်းဆီးပြီးနောက် ၎င်းကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနှင်‌ေအညီ ထိန်းသိမ်းထားသည်ဟု ၎င်းက ဆိုသည်။

 

“သူက အရင်ရက်တွေတည်းက အပြင်ကို ခဏခဏထွက်တယ်။ အဲဒါကို ကျွန်တော်တို့ သတိထားမိလို့ စောင့်ကြည့်တဲ့အနေအထားမှာ မနေ့က တုန်းကတော့ ကျွန်တော်တို့နေတဲ့ဘက် ကျွံလာလို့ ဒီတိုင်းပဲ ဖမ်းလိုက်တာပါဗျ” ဟု ယင်းမာပင်ခရိုင် တပ်ရင်း (၁၉) – Pale Jokers PDF အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ကန့်ဒေါင့်နယ်မြေရဲစခန်းတွင် ရဲနှင့် စစ်ကောင်စီတပ်သား အင်အား ၄၀ ကျော် အထိုင်ချတပ်စွဲထားကြောင်း၊ စစ်ကောင်စီတပ်သားများရန်ကြောင့် ဒေသခံအများစုမှာ ကျေးရွာအတွင်း နေထိုင်ခြင်းမရှိကြောင်း၊ ယင်းရဲစခန်းအပါဝင် ပျူရွာများဖြစ်သော အင်မထီးနှင့် ဇီဖြူကုန်းရွာများတွင် စစ်ကောင်စီတပ်သားများနှင့် ပျူများ အထိုင်ချထားကြောင်း ဒေသခံတော်လှန်ရေး ရဲဘော်များထံမှ သိရသည်။

 

မတ်လ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်ကလည်း ကန့်ဒေါင့်ကျေးရွာနယ်မြေရဲစခန်းမှ ကင်းပတ်ထွက်လာသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောက်စီတပ်သား သုံးဦး မိုင်းထိမှန်ခဲ့ရာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း၁၉ ( Pale Joker PDF)ထံမှ သိရသည်။