ပုလဲမြို့ပေါ်ရှိ ထွေအုပ်နှင့်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်နတ်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

Author လဂွန်းအိမ်
Categories
Published on Mar 04, 2024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်တွင် စစ်တပ်အထိုင်ချရာနေရာများဖြစ်သော ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ မှ မတ်လ ၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား သုံးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း တိုက်ခိုက်မူတွင် ပါဝင်ခဲ့သည့် တော်လှန်ရေးရဲ‌ဘော်တစ်ဦးထံမှ သိရသည်။

 

မဟာမိတ်ပူးပေါင်းအဖွဲ့များမှ ၄၀ မမ၊၆၀ မမ၊၈၀ မမ၊၉၀ မမ၊လက်နတ်ကြီးများဖြင့် စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို တစ်နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

”သူတို့ဘက်က ထိတော့ အော်ဟစ်ပီး ပြန်ပစ်တယ်ဗျ။ သူတို့ကြားထဲ လက်နက်ကြီးတွေ ကျကျချင်း သုံးယောက် ထမ်းသွားတာ ချက်ချင်းသိရတယ်ဗျ။” ဟု တိုက်ခိုက်ရာတွင်ပါဝင်ခဲ့သည့် Chindwin Toe Na Yar PDF မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ထိုသို့တိုက်ခိုက်ရာတွင် စစ်ကောင်စီနှင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြကာ စစ်ကောင်စီမှ သုံးဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိကြောင်းသာ သိရှိရပြီး သေဆုံးခြင်းရှိမရှိကို CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

 

ယင်းတိုက်ခိုက်မူကို Chindwin Toe Na Yar PDF ၊ယင်းမာပင်တပ်ရင်း ၂၉၊ ယင်းမာပင်တပ်ရင်း(၂၉) ခွဲ(၂)၊ ယင်းမာပင်ခရိုင်အမှတ်တပ်ရင်း (၁၀)၊ ဒေါင်းနက်၊ ပုလဲဂျော်ကာ၊ တာဇံ၊ ကျားကြီးစသည့် မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီအား အမြစ်ဖြတ်ချေမှုန်းနိုင်ရန် တော်လှန်အိမ်ခန်း မောင်းပြန် ကမ်ပိန်း ပါဝင်‌ပေးကြရန် Chindwin Toe Na Yar PDF မှနှိုးဆော်ထားသည်။

 

ဓာတ်ပုံ – Chindwin Toe Na Yar PDF