ပုလဲမြို့နယ် ၏ ၈၀ ရာခိုင်နှုန်း ကို ရပ်ကျေး ပအဖ၊ ပကဖ အဖွဲ့များ ဖွဲ့စည်းနိုင်ပြီဖြစ်

Author လင်းခိုင်
Categories
Published on Jan 11, 2023

 

ပုလဲမြို့နယ် ၏ ၈၀ ရာခိုင်နှုန်းကို ရပ်ကျေး ပအဖ၊ ပကဖ အဖွဲ့များ ဖွဲ့စည်းနိုင်ပြီဖြစ်ကြောင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒနှင့်အညီ ရပ်ကျေး ပအဖနှင့် ပက အဖွဲ့များဖွဲ့စည်းထားရာ၊ လက်ရှိ ကျေးရွာပေါင်း ၂၀၀ ရှိသည့်အနက် ၈၀ ရာခိုင်နှုန်းကျော်သည် ပအဖ၊ ပကဖ အဖွဲ့များ ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။

လက်ရှိတွင် ပုလဲမြို့နယ် ကျေးရွာနှစ်ရွာသာ စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပျူစောထီးအဖြစ် လုပ်ဆောင်နေကြသော်လည်း ကျန်ကျေးရွာများသည် စစ်ကောင်စီကို ခုခံတွန်းလှန်နေကြောင်း ပုလဲမြို့နယ်အခြေစိုက် Guerilla Ranger တပ်ရင်း တာ၀န်ခံ ကိုနေမင်းက CJ Platform သို့ပြောကြားသည်။

“ ပုလဲမှာက ပျူရွာနှစ်ရွာနဲ့ စစ်ကောင်စီတပ်စခန်းက နှစ်ခုရှိတယ်။ လက်ရှိတော့ ကမ်းနောက်မှာ အင်အားတိုးချထားတယ်” ဟု ကိုနေမင်းက ပြောကြားသည်။

ပုလဲတွင် PDF လူအင်အား တောင့်တင်းသော်လည်း သေနတ်တစ်လက် ပေါက်စျေးသည် သိန်း ၁၈၀ ခန့်အထိဖြစ်နေပြီး ၊ ကျည်တစ်တောင့်လျှင် ၈၅၀၀ မှ ၁၀၀၀၀ ကြားရှိနေသဖြင့် လက်နက်ခဲယမ်းနှင့် ပတ်သက်ပြီး အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်။

ပုလဲမြို့နယ်တွင် ပအဖ၊ ပကဖများ ဖွဲ့စည်းရန် လွန်ခဲ့သည့် တစ်နှစ်ကျော်မှ စတင်ကာ ဆောင်ရွက်ခဲ့သဖြင့် လက်ရှိချိန်တွင် အားကောင်းလာခြင်းလည်း ဖြစ်ကြောင်း ကိုနေမင်းက ဆက်လက်ပြောကြားသည်။

“ ပြည်သူ့အုပ်ချုပ်ရေးဖွဲ့တဲ့အခါ NUG မူဝါဒအတိုင်းဖွဲ့တယ်။ ရွာတွေကို သွားပြီး၊ အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးကို ရွာခံတွေကပဲ ရွေးချယ်တင်မြှောက်မှုတွေနဲ့ လုပ်ထားတာဖြစ်တယ်” ဟု ကိုနေမင်းက ဆိုသည်။

မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ကာကွယ်ရေးအဖွဲ့များသည် ပညာရေး၊ ကျန်းမာရေး နှင့် လိုအပ်သည် များကို စီမံထောက်ပံ့မှုများ လုပ်ဆောင်ရကြောင်း ယင်းကရှင်းလင်းပြောကြားသည်။

လက်ရှိ ပုလဲမြို့နယ်တွင် ဂိတ် ၉ ဂိတ်မှ လမ်းအသုံးပြုခကို မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ကောက်ခံလျှက်ရှိပြီး ဒီဇင်ဘာ တစ်လအတွင်း ကျပ်သိန်း ၄၆၀ ကျော်ရရှိခဲ့ကာ NUG သို့ ၃၀ ရာခိုင်နှုန်း၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ ၃၀ ရာခိုင်နှုန်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ ၄၀ ရာခိုင်နှုန်းဖြင့် အသီးသီးခွဲဝေခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ-ပုလဲ-ပအဖ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ပုလဲမြို့နယ် #ပအဖ #ပကဖ