ပုလဲမြို့နယ်အတွင်း ဒေသခံပြည်သူ ၂၀၀၀ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရ၊ စစ်ရှောင်ပြည်သူများအတွက် လူသားစာနာအကူညီများစွာ လိုအပ်

Author မင်းထက်
Categories
Published on Nov 22, 2023

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးကာ အကြမ်းဖက်မှုများ လုပ်ဆောင်နေမှုကြောင့်   ဒေသခံပြည်သူ ၂၀၀၀ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ဦးစီးဌာနရုံးတို့ကို ပြီးခဲ့သည့်  နို၀င်ဘာလ ၁၅ ရက်နေ့က ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးများကာ အထိနာခဲ့သောကြောင့် မြို့တွင်းရှိ စစ်ကောင်စီတပ်သားများက ယနေ့ထိတိုင် လက်နက်ကြီးများဖြင့် တစ်ရက်လျှင် ၄ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်နေခဲ့ကြောင်း မြို့ပေါ်ရှိ ဒေသခံများ အပါအ၀င် မြို့နယ်အတွင်းရှိ ပြည်သူ ၂၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

 

“အခုကတော့ အေးကုန်း၊ အလယ်ဘုံ ၊ ကံကြီး ၊ မန်ကျည်းခွ ၊ ကျွန်းဘိုကုန်း ၊ ဇောင်ချမ်းကုန်း ၊ မြကုန်း စတဲ့ ကျေးရွာတွေအပြင် ပုလဲမြို့ပေါ်ကလဲ ထွက်ပြေးတိမ်းရှောင်လာတာတွေ ရှိပါတယ်ဗျ။ ဒီထွက်ပြေးတိမ်းရှောင်လာတာတဲ့ ပြည်သူအနည်းဆုံး နှစ်ထောင်အနည်းဆုံးရှိပါတယ်။ ၁၅ ရက်နေ့ကတည်းက ယနေ့ထိ ရက်ရှည် တိမ်းရှောင်နေကြရပါတယ်” ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

စစ်ရှောင်ပြည်သူများအား မြို့နယ်တွင်းဒေသဆိုင်ရာအဖွဲ့အစည်းများ ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့အစည်းများ နှင့် ဘုန်းတော်ကြီးများက ဦးစီးကာ စစ်ရှောင်ပြည်သူများအတွက် စီစဥ်ဆောင်ရွက်ကာ စောင့်ရှောက်ထားကြောင်း ၊ လက်ရှိ ဆောင်းတွင်းကာလ အအေးဒဏ်ကြောင့် ပြည်သူများအတွက် အနွေးထည်များ စောင်များ လိုအပ်သည့်အပြင် လူသားစာနာ အကူညီများစွာ လိုအပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် နို၀င်ဘာလ ၁၂ ရက်နေ့က ပုလဲမြို့နယ် အေးကုန်းကျေးရွာအား ၇၀၈ တပ်ရင်း စစ်ကြောင်းမှ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၆လုံး မီးလောင်ပြာကျခဲ့ပြီး ယနေ့တိုင် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

“အေးကုန်းရွာ မီးရှို့ခံရတဲ့ ပြည်သူတွေကတော့  ဒီဒေသမှာ မိုးနည်းနည်းရွာခဲ့ပေမဲ့ မီးလောင်ထားတဲ့ အပူရှိန်ကြောင့် ပစ္စည်းတွေတောင် အကုန်မရှင်းနိုင်သေးပါဘူးဗျ။ တချို့လဲ ပုလဲမြို့ပေါ်က မခွာပဲနဲ့ ဂျပ်တပ်က စခန်းဆုတ်လာတဲ့ စစ်ကြောင်းကော ပေါင်းထားတာဆိုတော့ ပုလဲ နဲ့အေးကုန်းက အရမ်းလဲ နီးကပ်လွန်းတော့ တချို့လဲ မပြန်ရဲသေးဘူး၊ မီးရှို့ခံပြည်သူတွေလဲ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ ရှောင်နေတဲ့ အနေအထားပါ” ဟု မြို့နယ် လူသားစာနာတာဝန်ခံက ပြောသည်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်၊ လူသားစာနာတာဝန်ခံနှင် အမျိုးသမီး ၊လူငယ်နှင့် ကလေးသူငယ်တာဝန်ခံတို့မှ နို၀င်ဘာလ ၁၃ ရက်နေ့တွင် အေးကုန်းကျေးရွာသို့ သွားရောက် အားပေးစကားများ‌ ပြောကြားပြီး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အလှူရှင်များက ထောက်ပံ့လှူဒါန်းထားသောငွေကျပ် သိန်း (၃၀)ခန့်တန်ဘိုးရှိ ဆန် ၊ဆီ ၊မိုးကာ ၊စောင် ၊အနွေးထည်၊ အမျိုးသမီးဝတ်လုံချည် ၊အိမ်သုံး အသုံးအဆောင်များနှင့် ငွေကျပ်၁သိန်းတို့ အရေးပေါ် ကူညီထောက်ပံ့ခဲ့ကြောင်း ၊ စစ်ကောင်စီမှ လူမဆန်စွာ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ကြရသော အေးကုန်းကျေးရွာ မီးရှို့ခံပြည်သူများအတွက် အကူအညီများ အရေးပေါ်လိုအပ်နေပါသဖြင့် ပြည်တွင်းပြည်ပမှ အလှူရှင်များအနေဖြင့် ကူညီဆောင်ရွက်ပေးကြပါရန် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တိုက်တွန်းနှိုးဆော်ထားသည်။