ပုလဲမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်မပြည့်ကလေးငယ်တစ်ဦး အပါအဝင် ၅ ဦးသေဆုံး

Author မင်းထက်
Categories
Published on Dec 12, 2023

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာတွင်  တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ စစ်ကောင်စီတပ်က  ဂျက်ဖိုက်တာဖြင့်  လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်ကလေးငယ် အပါအ၀င် ၅ ဦးသေဆုံးကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး လူစာနာတာ၀န်ခံက CJ Platform သို့ပြောသည်။

 

ယနေ့ ဒီဇင်ဘာလ ၁၂ ရက်  ၁၂ နာရီ ခန့်က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာသို့ ဂျက် တိုက်လေယာဉ်ဖြင့်  ၂ ကြိမ်လာရောက်ဗုံးကြဲခဲ့ရာ မြို့နယ်တရားရေးဌာန တာဝန်ခံ တစ်ဦး၊ ကျောင်းဆရာမတစ်ဦး၊ ကာကွယ်ရေးရဲဘော်တစ်ဦး၊ ကလေးငယ်တစ်ဦးနှင့် ၎င်း၏ မိခင်ဖြစ်သူတို့ သေဆုံးခဲ့ကြောင်း သိရသည်။

” ပုလဲမြို့နယ် မင်းတိုင်ကျေးရွာပေါ်ကို ၁၁ နာရီ ၅၈ နာရီ အချိန် ပေါင် ၂၀၀ဗုံးသီး ၄လုံးကြဲချတာကြောင့် မင်းတိုင်ပင်ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန မြို့နယ်တရားရေးတာဝန်ခံ ဦးပေါပြည့်အောင်(ရဲ CDM)၊မသဲနုမြင့်ဇော် (ပညာရေးVolunteer) ၊ ပကဖရဲဘော်မိုးမိုး ၊  ဇီးဖြူကုန်းကျေးရွာက အသက် ၁ နှစ်အရွယ်ကလေးငယ်တစ်ဦး၊ ကလေး မိခင်တို့က သေဆုံးခဲ့ပြီး ကလေးဖခင်က အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့ပါတယ်” ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး လူစာနာတာ၀န်ခံက CJ Platform သို့ပြောသည်။

ယခုနှစ် ၂၀၂၃ ခုနှစ်တွင် နိုင်ငံတွင်းစိုမိုးမှုများရနိုင်ရေးအတွက် ကြိုးပမ်းနေသော စစ်တပ်က လေကြောင်း ပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာခဲ့ပြီး ပုလဲမြို့နယ်အတွင်းတွင် ယခင်လ နို၀င်ဘာ၂၇ ရက်မှစ၍ ဒီဇင်ဘာလ ၁ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၄ ကြိမ်ထိ အလွန်အကျွံ လေကြောင်းသုံး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ယခုကဲ့သို့သော စစ်တပ်မှ လူမဆန်စွာဖြင့် စစ်ရာဇဝတ်မှုများ နေရာအနှံ့ ကျူးလွန်နေသောကြောင့် ပြည်သူများအားလုံး အနေဖြင့် စစ်ရေးအသိ၊ စစ်ရေးသတိဖြင့် နေထိုင်သွားလာကြပါရန် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နှိုးဆော်ထုတ်ပြန်ထားသည်။