ပုလဲတွင် စစ်ကောင်စီ နေ့စဉ်စစ်ကြောင်းထိုးနေ၍ ဒေသခံ တစ်သောင်းဝန်းကျင် တိမ်းရှောင်နေရပြီး ပိတ်မိနေသူများ ရှိနေ

Author မင်းထက်
Categories
Published on Dec 18, 2023

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်တွင် အထိုင်ချတပ်ဆွဲထားသော စစ်တပ်က ဒီဇင်ဘာလ ၁၁ ရက်နေ့မှစတင်၍ ကျေးရွာများအတွင်း စစ်ကြောင်းထိုး‌နေ၍ ဒေသခံတစ်သောင်းဝန်းကျင် ဘေးလွတ်‌ရာတိမ်းရှောင်နေရပြီး ပိတ်မိနေသူများရှိနေကြောင်း CJ Platform သတင်းဌာနမှ စုံစမ်းသိရှိရသည်။

 

စစ်ကောင်စီစစ်ကြောင်းများသည် ပုလဲရှိ ကျေးရွာများကိုဝင်ရောက်ပြီးနောက် ညအိပ်တပ်စွဲနေသောကြောင့် ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် လက်ပုဂန်ကျေးရွာတွင် ညအိပ်တပ်ဆွဲပြီး အရပ်သားပိုင်ပစ္စည်းများ ခိုးယူသယ်ဆောင်သွားခဲ့ပြီးနောက် ယနေ့ ဒီဇင်ဘာလ ၁၈ ရက် နံနက် ၅ နာရီခန့်တွင် ကြောင်သန်းကျေးရွာကို လက်နက်ကြီး/လက်နက်ငယ်များပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း ယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူစာနာ တာ၀န်ခံက CJ Platform သို့ ပြောသည်။

 

ကြောင်သန်းကျေးရွာသူ/သားများသည် အချိန်မီ မတိမ်းရှောင်နိုင်သောကြောင့် ရွာအတွင်း ပိတ်မိပြီး စစ်‌ကောင်စီတပ်သားများ၏ ဖမ်းဆီးခံထားကြရသည်ဟု ဒေသခံပြည်သူအချို့၏ ပြောဆိုချက်အရ သိရသည်။

 

” လက်ရှိစစ်ကြောင်းက အင်အား ၈၀ ခန့်ရှိတယ်။ ကြောင်သန်းရွာထဲမှာ ရှိနေကြဆဲပါ။ပြည်သူပိုင်ပစ္စည်းတွေ ဖျက်ဆီးခိုးယူနေတာတွေ အမြဲတမ်းလုပ်နေတဲ့ စစ်ကြောင်းပါ။ ကြောင်သန်းရွာမှာ အဖမ်းခံထားရတဲ့ပြည်သူတွေ အရေတွက်မသိရပါဘူး။ အတော်များများရှိတယ်လို့ သိရတယ်” ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူစာနာ/ဘေးစီမံဌာန တာဝန်ခံက ပြောသည်။

ထိုကဲ့သို့ စစ်တပ်က ရက်ရှည်စစ်ကြောင်းထိုးနေသောကြောင့် ကြောင်သန်း၊‌ စေတီယျုံ၊ လက်ပုဂန်၊ ကုက္ကိုကုန်း၊ မြကုန်း၊ သေတ္တရာ၊ နှောကန်၊ မကျီးကုန်း၊ မင်းတိုင်ပင်၊ ဆင်ရှင် စသည့်ကျေးရွာများမှ အရပ်သား တစ်သောင်းဝန်းကျင် ဘေးလွတ်ရာတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအကူညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

 

” စစ်ရှောင်တွေအတွက်က အမြဲတမ်းစစ်ရှောင်မဟုတ်တော့ အစားအစာကအဓိကပါ။ ကျန်တဲ့တခြားအသေးလေးတွေ လိုအပ်ချက်ရှိပေမယ့်လည်း အစားအစာအတွက် အဓိကပါ” ဟု အထက်ပါ တာ၀န်ခံက ဆိုသည်။

 

ရက်ရှည်စစ်ဘေးရှောင်နေရသော စစ်ဘေးရှောင်ပြည်သူများကို NUG လူသားချင်းစာနာ‌ထောက်ထား‌ရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထောက်ပံ့ကူညီသော လှူဒါန်းငွေအချို့နှင့် ဆန်အိတ်များအပါအဝင် သက်ဆိုင်ရာ ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ကျေးရွာ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်များ၊ ပြင်ပအလှူရှင်များ၏ အကူအညီများဖြင့် မြို့နယ် လူ/စာနာတာဝန်ခံ ကူညီပြီး အစားအသောက်များ ကျွေးမွေးလျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် သံဃာ‌တော် ၁၀ ပါးခန့်လည်း အရပ်သားပြည်သူများနှင့်အတူ စစ်ဘေးရှောင်နေရသောကြောင့် ဆရာတော်များ အချိုပွဲ ဘုန်းပေးနိုင်ရန်အတွက် ကျောင်းနေဆရာတော်ကို ဝထ္ထုငွေ ၅၀,၀၀၀ ကျပ် မြို့နယ် လူသားစာနာတာဝန်ခံက လှူဒါန်းခဲ့ကြောင်း သိရသည်။