ပုလောတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ ရေကြောင်းဖြင့် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေ

Author လင်းနွေဦး
Categories
Published on Mar 22, 2024

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဇာဒီရွာ အနီးတွင် ယမန်နေ့ မတ် ၂၁ ရက်နေ့ ညနေပိုင်းက တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့မှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီးနောက် ရေကြောင်းဖြင့် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း ၏ ပြန်ကြားရေးတာဝန်ခံမှ CJ Platform သို့ပြောသည်။

 

တစ်နာရီခွဲဝန်းကျင် ကြာမြင့်သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများ ရှိနိုင်သော်လည်း အတည်ပြုနိုင်ရန်ကြိုးပမ်းဆဲဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံမှ ဆိုသည်။

 

“စစ်တပ်ဘက်က လှုပ်ရှားမှုရှိတယ်လို့ သတင်းရလို့ ကျွန်တော်တို့ဘက်က ကင်းပုန်းဝပ်ဖို့သွားတာ နှစ်ဖက် ထိပ်တိုက်တွေ့တယ်။ လက်ဦးပြီး စပစ်တော့ သူတို့(စစ်ကောင်စီ)လည်း ရှေ့ဆက်တိုးမရဘူး။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်မရှိပါဘူး” ဟု ၎င်းပြန်ကြားရေးတာဝန်ခံမှ CJ Platform သို့ပြောသည်။

 

ထိတွေ့တိုက်ပွဲအပြီးတွင် စစ်ကောင်စီ မှ မြိတ်မြို့ရှိ စစ်သည်အင်အားအချို့ကို ရေကြောင်းလမ်းမှ တဆင့် ပုလောမြို့နယ်အတွင်း စစ်ကူအဖြစ် ပို့ဆောင်ထားသည်ဟုလည်း ဒေသခံများနှင့် မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ပြောပြချက်အရ သိရသည်။

 

ပုလောမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်းတစ်ခုဖြစ်သည့် ခလရ-၁၀၁ တပ်ရင်းတည်ရှိပြီး ၎င်းတပ်ရင်းမှာ ယခင်က မြိတ်မြို့ အခြေစိုက်ဖြစ်သော်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း တပ်ရင်းတစ်ခုလုံး ပုလောမြို့သို့ ရွေ့ပြောင်း အထိုင်ချထားကြောင်း CJ Platform မှ စုံစမ်းသိရှိရသည်။