ပုဗ္ဗသီရိမြို့နယ်ထဲက ဗိုလ်ချုပ်ကြေးရုပ်ကို စစ်ကောင်စီ ခိုးယူသွား

Author CJ Platform
Categories
Published on Jul 29, 2025

စစ်ကောင်စီအခြေစိုက်တဲ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်တုကို မနေ့ ဇူလိုင် ၂၈ ရက်ညပိုင်းမှာ စစ်ကောင်စီလက်အောက်ခံတွေက ညတွင်းချင်း ဖြုတ်ခိုးသွားခဲ့တယ်လို့ နေပြည်တော် ဒေသခံတစ်ဦးဆီက သိရပါတယ်။

 

စစ်ကောင်စီ ဖယ်ရှားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုဟာ ပုဗ္ဗသီရိမြို့နယ် ဇဝနဒီပရပ်ကွက်၊ ဇော်ဂျီလမ်းနဲ့ သံလွင်လမ်းကြားက ပန်းခြံငယ်တစ်ခုမှာတည်ရှိပြီး၊ နေပြည်တော်ဘူတာကြီးနဲ့ ပုဗ္ဗသီရိဈေးအနီးမှာ ရှိနေခဲ့ပါတယ်။

 

“ပုဗ္ဗသီရိဘက်က ဗိုလ်ချုပ်ကြေးရုပ် မရှိတော့တာ။ နေပြည်တော် ဘူတာကြီးနား လမ်းမကြီးဘေးက ရုပ်တု။ သူတို့ (စစ်ကောင်စီကို ရည်ညွှန်း) ဖြုတ်ခိုးသွားတာ” လို့ နေပြည်တော်မှာနေထိုင်သူ ဒေသခံတစ်ဦးကလည်း CJ Platform ကို အတည်ပြု ပြောပါတယ်။

 

အခု ဇူလိုင် ၁၉ ရက် အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျန်ရစ်ပစ္စည်း အထိမ်းအမှတ်တွေကို ဂရုတစိုက် ထိန်းသိမ်းဖို့ ပြောဆိုခဲ့ပေမဲ့ ၉ ရက်အကြာမှာပဲ ပုဗ္ဗသီရိမြို့နယ်က ဗိုလ်ချုပ်ကြေးရုပ်တုကို စစ်ကောင်စီ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

 

ဇဝနဒီပရပ်ကွက်မှာတည်ရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်၊ ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ပန်းခြံဖွင့်ပွဲနဲ့အတူ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုအဖြစ် အထိမ်းအမှတ်ထားရှိခဲ့တာ ဖြစ်ပါတယ်။

 

နေပြည်တော် သပြေကုန်းအဝိုင်းမှာတည်ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုဟာ ဒေသခံပြည်သူတွေရဲ့ အလှူငွေတွေနဲ့ စုပေါင်းစိုက်ထူခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်ရုပ်တုတွေကို နိုင်ငံတစ်ဝန်း မြို့နယ်၊ ရပ်ကွက်များမှာ ပြည်သူတွေရဲ့ စုပေါင်းလုပ်ဆောင်မှုတွေနဲ့တကွ NLD အစိုးရကလည်း ပံ့ပိုးကူညီ ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ဗိုလ်ချုပ်ကြေးရုပ်တု ခိုးယူခြင်းမခံရမီက တွေ့ရပုံ (ပုံဟောင်း)