ပုဏ္ဏားကျွန်း ခမရ(၅၅၀)တပ်ရင်းသိမ်းတိုက်ပွဲအတွင်း ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီးအပါအဝင် ဗိုလ်မှူးသုံးဦးကို အသေဖမ်းဆီးရမိ

Author လင်းနွေဦး
Categories
Published on Mar 06, 2024

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိ ခမရ(၅၅၀)တပ်ရင်းကို မတ်လ (၄)ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း အဆင့်မြင့်အရာရှိကြီးများဖြစ်သော ဗျူဟာမှူး ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးတစ်ဦးတို့ကို အသေဖမ်းဆီးရမိကြောင်း AA က ထုတ်ပြန်သည်။

 

ထို့ပြင် စစ်ကောင်စီလက်အောက်ခံ တပ်သားအချို့ကို လက်ရဖမ်းဆီးနိုင်ခဲ့သည့်အပြင် လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ခမရ(၅၅၀) တပ်ရင်းကို ရက္ခိုင့်တပ်တော်မှ ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ဆင်ရေး ၁၃ ရက်အကြာ မတ်လ ၄ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

ထိုတိုက်ပွဲများအတွင်း ခမရ(၅၅၀)တပ်ရင်းမှ ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီး မျိုးမင်းကိုကို၊ DSA အပတ်စဉ်(၄၂)၊ ခလရ(၂၀၈)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ(၅၅၀)မှ ဗိုလ်မှူးစောထွေးတို့နှင့်အတူ စစ်ကောင်စီတပ်သားအများအပြားကို အသေဖမ်းဆီးရမိပြီး တပ်သားအချို့အား လက်ရဖမ်းဆီးနိုင်ခဲ့သည့်အပြင် လက်နက်ခဲယမ်းမြောက်မြားစွာကိုလည်းသိမ်းယူနိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။

 

လက်နက်ချအညံ့ခံသူများ၊ စောစီးစွာ အလံဖြူထောင်သူ စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ရှိခဲ့ပြီး ၎င်းတို့နှင့်အတူ မိသားစုဝင်များကို စစ်ဥပဒေနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ပေးထားသည်ဟု ရက္ခိုင့်တပ်တော်က  ဆိုသည်။

 

ရက္ခိုင့်တပ်တော် AA သည် ပုဏ္ဏားကျွန်းမြို့အပါအဝင် မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောနှင့် မြေပုံမြို့နယ်တို့ကို သိမ်းပိုက်ထားသကဲ့သို့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားသည်။

 

ဓာတ်ပုံ – AA info Desk