ပိုလန်တွင် ပါလီမန်မဲခွဲပွဲမတိုင်ခင် အတိုက်အခံများ ချီတက်ဆန္ဒပြ

Author အဂ္ဂ
Categories
Published on Oct 02, 2023

ဥရောပသမဂ္ဂ (EU)တွင် နိုင်ငံ၏ အနာဂတ်ကို ဆုံးဖြတ်ပေးမည့် မဲခွဲဆုံးဖြတ်မှုမတိုင်မီ ပိုလန်နိုင်ငံမြို့တော်တွင် ပြုလုပ်ခဲ့သော အတိုက်အခံများ၏ ဆန္ဒပြပွဲသို့ လူပေါင်းသိန်းနှင့်ချီ တက်ရောက်ခဲ့ကြသည်။

မကြာမီကျင်းပတော့မည့် ပါလီမန်ရွေးကောက်ပွဲများမတိုင်မီ တနင်္ဂနွေနေ့တွင် မြို့တော် ဝါဆော၌ ပိုလန်အတိုက်အခံခေါင်းဆောင် Donald Tusk သည် ထောက်ခံသူများကို စည်းရုံးရန်အတွက် ဆန္ဒပြပွဲကို ဦးဆောင်ချီတက်ခဲ့သည်။

“March of a Million Hearts” ဟု အမည်ပေးထားသည့် ချီတက်ဆန္ဒပြပွဲတွင် ပါဝင်ရန် နိုင်ငံတစ်ဝှမ်းမှ သိန်းနှင့်ချီသော လူများသည် ဘတ်စ်ကားများဖြင့် လာရောက်ခဲ့ကြခြင်းဖြစ်သည်။

အခြားသောသတင်းရင်းမြစ်များက ချီတက်ပွဲသို့တက်ရောက်လာသူ အရေအတွက်ကို သိသိသာသာ လျှော့ပေါ့ဖော်ပြထားသော်လည်း မြို့တော်၏ အကြီးမားဆုံး လူထုစည်းဝေးပွဲကို လူပေါင်း တစ်သန်းခန့် စံချိန်တင်တက်ရောက်ခဲ့သည်ဟု ဝါဆောမြို့ အာဏာပိုင်များက ပြောကြားသည်။

အောက်တိုဘာ ၁၅ ရက် အထွေထွေရွေးကောက်ပွဲ မတိုင်မီ နှစ်ပတ်အလိုတွင်ပြုလုပ်ခဲ့သော ချီတက်ပွဲ၌ Tusk က “သိန်းနဲ့ချီတဲ့ အပြုံးမျက်နှာတွေကို မြင်လိုက်ရတဲ့အခိုက်မှာပဲ ကျွန်တော်တို့ မွေးရပ်မြေရဲ့ သမိုင်းတွင်စေမယ့် အောင်မြင်မှုအခိုက်အတန့်တွေ ရောက်ရှိလာတော့မယ်ဆိုတာ ကောင်းကောင်းကြီးခံစား‌ရပါတယ်” ဟု ထောက်ခံသူများကို ပြောကြားခဲ့သည်။

“ဒီလိုအင်အားမျိုးကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး၊ အတွေးမှား အမြင်မှားရှိတဲ့ ဘယ်သူ့ကိုမဆို ရာထူးအာဏာမရအောင် လုပ်ကြပါစို့၊ ဒီအပြောင်းအလဲဟာ ဘယ်လိုမှရှောင်လွှဲလို့မရနိုင်ပါဘူး” ဟု Tusk က တနင်္ဂနွေနေ့တွင် ပြောကြားခဲသည်။

ဘာကြောင့် အတိုက်အခံတွေ ချီတက်ဆန္ဒပြရတာလဲ။

ပိုလန်ကို ဥရောပသမဂ္ဂ(EU)မှ နုတ်ထွက်ရန် ကြိုးပမ်းနိုင်သည်ဟု Tusk က သတိပေးထားသော အမျိုးသားရေးဝါဒီများဖြစ်သည့် ဥပဒေနှင့် တရားမျှတမှု (PiS) ပါတီကို ဖြုတ်ချရန် အတိုက်အခံများက ရည်မှန်းနေကြခြင်းဖြစ်သည်။ ပိုလန်နိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Tusk သည် ပိုလန်နိုင်ငံရေးသို့ ပြန်လည်မဝင်ရောက်မီက ဥရောပကောင်စီ(European Council) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သေးသည်။

“ကျွန်မ လွတ်လပ်ချင်တယ်၊ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်အဖြစ်လည်းရှိချင်တယ်၊ လွတ်လပ်စွာတရားစီရင်နိုင်တဲ့ တရားရုံးတွေလည်းရှိစေချင်တယ်” ဟု Otwock မှ အသက် ၅၉ နှစ်အရွယ် သွားဆရာဝန် Hanna Chaciewicz က ချီတက်ပွဲအတွင်း Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်ကတည်းက အာဏာရထားသော PiS ပါတီသည် နိုင်ငံကို ဥရောပသမဂ္ဂ(EU) အဖွဲ့ဝင်နိုင်ငံ အဖြစ်မှ ရပ်ဆိုင်းရန် ရည်ရွယ်ထားခြင်းမရှိဟု ငြင်းဆိုထားသည်။ မည်သို့ပင်ဆိုစေကာမူ အာဏာရပါတီသည် Brussels နှင့် အမျိုးမျိုးသော ပြဿနာများဖြင့် မကြာခဏ ထိပ်တိုက်တွေ့မှုများလည်းရှိလေသည်။

IBRiS ၏ လူထုသဘောထားနမူနာစစ်တမ်းအရ အာဏာရပါတီသည် ၃၅ရာခိုင်နှုန်း ဖြင့် ဆက်လက် ဦးဆောင်လျက်ရှိသည်။ တစ်ချိန်တည်းတွင် အတိုက်အခံ မဟာမိတ်အဖွဲ့ Civic Coalition သည် ၂၇ရာခိုင်နှုန်း သာ ရရှိထားသော်လည်း နောက်လာမည့် မဲပေးမှုတွင် ပါတီအနေဖြင့်လုံလောက်သည့် မဲပမာဏကို ရယူနိုင်ဆဲဖြစ်သည်ဟု Tusk က အလေးပေးပြောကြားခဲ့သည်

PiS ပါတီသည်လည်း တနင်္ဂနွေနေ့တွင် တောင်ပိုင်း ရှိ Katowice မြို့၌ တန်ပြန် ချီတက်ပွဲများကို စီစဉ်ခဲ့သည်။

Related News

Depend on news