ပါလက်စတိုင်း ဒုက္ခသည်များ ခိုလှုံနေသည့် ရာဖာမြို့ကို အစ္စရေး ပစ်ခတ်တိုက်ခိုက်၊  (၃၇) ဦးထက်မနည်း သေဆုံးကာ ဒါဇင်နှင့်ချီ ထိခိုက်ဒဏ်ရာရ

Author အဂ္ဂ
Categories
Published on Feb 12, 2024

ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာမြို့ရှိ ပါလက်စတိုင်းဒုက္ခသည်များ ခိုလှုံနေသည့်နေရာကို အစ္စရေးစစ်တပ်က ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်) နေ့ နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် လူပေါင်း (၃၇) ဦးထက်မနည်းသေဆုံးကာ ဒါဇင်နှင့်ချီ၍ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဟားမက်စ်တို့လက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

ရာဖာမြို့သည် အစ္စရေး – ဟားမက်စ်စစ်ပွဲကြောင့် ထွက်ပြေးလာရသည့် စစ်ပြေးဒုက္ခသည်ပေါင်း ၁ ဒသမ ၄ သန်းခန့် ခိုလှုံလျက်ရှိသည့် မြို့ဖြစ်ပြီး အစ္စရေးဘက်က ယနေ့နံနက်အစောပိုင်း လူအများအိပ်ပျော်နေသည့်အချိန်တွင် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့်အတွက် လူအများ ထိတ်လန့်တကြားဖြစ်ခဲ့ရသည်ဟု အဆိုပါမြို့တွင်နေထိုင်နေသူတစ်ဦးက ရိုက်တာသတင်းဌာနကို စာပို့ဆက်သွယ်၍ ပြောကြားခဲ့သည်ဟု ယင်းသတင်းဌာနတွင် ဖော်ပြထားသည်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကို “အရပ်သားများကို အကာအကွယ်ပေးမည့် ယုံကြည်ရလောက်ပြီး အကောင်အထည်ဖော်နိုင်သည့် အစီအစဉ်မရှိဘဲ ရာဖာမြို့တွင် ဟားမက်စ်တို့ကို တိုက်ခိုက်ခြင်းများ မလုပ်ဆောင်သင့်ကြောင်း” ကို ယမန်နေ့ (ဖေဖော်ဝါရီ ၁၁ ရက်)နေ့က သတိပေးပြောကြားခဲ့ပြီးနောက်တွင် ယခုကဲ့သို့ တိုက်ခိုက်မှုကို အစ္စရေးက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါတိုက်ခိုက်မှုတွင် အစ္စရေး၏ လေယာဉ်၊ တင့်ကားနှင့် သင်္ဘောများပါ ပါဝင်ခဲ့ပြီး ဗလီနှစ်လုံးနှင့် အိမ်အများအပြားထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ဒေသခံအချို့ကမူ အစ္စရေးတို့က ရာဖာမြို့ကို မြေပြင်ထိုးစစ် စတင်လာမည်ကို ထိတ်လန့်စိုးရိမ်လျက်ရှိသည်။

 

အစ္စရေးစစ်တပ်ဘက်မှလည်း ဆက်တိုက်တိုက်ခိုက်မှုများအဖြစ် ဂါဇာကမ်းမြောင်တောင်ဘက်ပိုင်း ရာဖာဒေသရှိ ရှာဘိုရာခရိုင်ရှိ အကြမ်းဖက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းကို ယနေ့နံနက်ပိုင်းတွင် ပြောဆိုထားပြီး ပစ်မှတ်နှင့် သက်ဆိုင်သည့် အသေးစိတ်အချက်အလက်များ၊ ထိခိုက်ပျက်စီးမှုနှင့် သေဆုံးမှုအခြေအနေများကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

 

AP သတင်းဌာန၏ ဖော်ပြချက်အရ အစ္စရေးတို့၏ ပစ်ခတ်တိုက်ခိုက်မှုသည် ရာဖာဒေသရှိ ကူဝိတ်ဆေးရုံအနီးတစ်ဝိုက်ကို ထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကိုလည်း အဆိုပါဆေးရုံသို့ သယ်ယူကာ ကျန်းမာရေးကုသမှုများပေးထားရသည်ဟု သိရသည်။

 

ကူဝိတ်ဆေးရုံ၏ ဒါရိုက်တာဖြစ်သူ ဆဟိုင်းဘ်အယ်ဟမ်းစ်ကလည်း “အခုဆိုဆိုရင် ဆေးရုံမှာ အကြီးအကျယ် ထိခိုက်ဒဏ်ရာရထားသူတွေနဲ့ ပြည့်နေပါပြီ” ဟု ဆိုသည်။

 

လူပေါင်းရာနှင့်ချီသည်လည်း အနီးဝန်းကျင်ကို အစ္စရေးတို့က ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ဆေးရုံအတွင်း ခိုလှုံရာနေရာများရှာဖွေလျက်ရှိသည်ဟု သိရသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၆) ရက်နေ့တွင် ဟားမက်စ်တို့ဘက်မှ ဒုတိယအကြိမ် အပစ်ရပ်ရန် အစ္စရေးကို ကမ်းလှမ်းခဲ့သော်လည်း အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကမူ အောင်ပွဲမဝေးတော့ဟုဆိုကာ ဟားမက်စ်တို့၏ တောင်းဆိုချက်ကို နှစ်ရက်အကြာ (ဖေဖော်ဝါရီလ ၈ ရက်)တွင် ပယ်ချခဲ့ပြီး ယခုကဲ့သို့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်သည်။

 

ထို့ပြင် ဂါဇာဒေသရှိ ဒုက္ခသည်များအတွက် တစ်လစာရိက္ခာတင်ဆောင်လာသည့် သင်္ဘောကိုလည်း အစ္စရေးတို့က ၎င်းတို့အပိုင် အက်ရှ်ဒေါ့ဒ်ဆိပ်ကမ်းတွင် တားဆီးပိတ်ဆို့ထားသည်ဟု ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA)၏ အကြီးအကဲဖြစ်သူ ဖီလစ်ပီလက်ဇ်ဇာရီနီက ပြောသည်။

 

လက်ရှိတွင် ဂါဇာကမ်းမြောက်ဒေသကို အစ္စရေးဘက်မှ နေ့စဉ်ကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး ယနေ့နံနက်သေဆုံးခဲ့ရသည့်အရေအတွက်ကို ထည့်တွက်ပါက အစ္စရေးတို့လက်ချက်ကြောင့် ၂၄ နာရီအတွင်း ပါလက်စတိုင်းဘက်မှ (၁၁၂) ဦးသေဆုံးခဲ့ရပြီး အစ္စရေး – ဟားမက်စ်စစ်ပွဲအတွင်း ပါလက်စတိုင်းဘက်မှ  သေဆုံးခဲ့ရသည့်ဦးရေမှာ (၂၈,၁၇၆) ဦးရှိပြီဖြစ်ပြီး လူပေါင်း (၆၇,၇၈၄) ဦးထိုခိုက်ဒဏ်ရာရခဲ့သည်ဟု အယ်ဂျာဇီးရား သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။

 

ယမန်နှစ် (၂၀၂၃ ခုနှစ်) အောက်တိုဘာလ (၇) ရက်နေ့က လုပ်ဆောင်ခဲ့သည့် ဟားမက်စ်တို့၏ စတင်တိုက်ခိုက်မှုကြောင့် ယနေ့အထိ အစ္စရေးတို့ဘက်မှ သေဆုံးခဲ့ရသူမှာ (၁,၁၃၉) ဦး ရှိသည်ဟုလည်း သိရသည်။