ပါမောက္ခ ရှောင်တာနဲလ်အား ထောင်ဒဏ်ချမှတ်ခြင်းကို ကန့်ကွက်ပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် ဩစတြေးလျအစိုးရ တောင်းဆို

Author ခေတ်နီ
Categories
Published on Sep 29, 2022

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေးဖြစ်သည့် သြစတြေးလျနိုင်ငံသား ပါမောက္ခ ရှောင်တာနဲလ်အား စစ်ကောင်စီက ထောင်ဒဏ်ချမှတ်ခြင်းအပေါ် သြစတြေးလျအစိုးရက ကန့်ကွက်လိုက်ပြီး အမြန် ပြန်လွှတ်ရန် သြစတြေးလျသံရုံးမှတဆင့် တောင်းဆိုထုတ်ပြန်ထားသည်။

သြစတြေးလျနိုင်ငံသား စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနဲလ်ကို စစ်ကောင်စီက အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ)၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃(၁) တရားစွဲပြီး နေပြည်တော်ထောင်တွင်း အထူးတရားရုံးက ယနေ့မှာထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာပဲဖြစ်သည်။

ဒီလိုထောင်ဒဏ်ချမှတ်လိုက်မှုအပေါ်မြန်မာနိုင်ငံဆိုင်ရာ ဩစတေးလျသံရုံးက ကန့်ကွက်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန်တောင်းဆိုထားတာပဲ ဖြစ်သည်။

ပါမောက္ခရှောင်တာနဲလ်အတွက် မိမိတို့သည် ရရှိမည့်အခွင့်အရေးတိုင်းကို ဆက်လက်အသုံးချပြီး သူ့မိသားစုရှိရာ သြစတြေးလျနိုင်ငံသို့ ပြန်နိုင်သည့်အချိန်အထိ အင်တိုက်အားတိုက် တိုက်တွန်း လုပ်ဆောင်သွားပါမည်ဖြစ်ကြောင်း၊ မိမိတို့အနေနှင့်လည်း ဒေသတွင်း အပါအ၀င် နိုင်ငံတကာမှ သူ့အပေါ် အားပေးထောက်ခံမှုများကို အသိအမှတ်ပြုပါ သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Department of Foreign Affairs and Trade မှ Professor Turnell နှင့် သူ့မိသားစုအတွက် အကူအညီများကို လိုအပ်နေသမျှ ကာလတလျှောက် ဆက်လက်ပံ့ပိုးသွားမည်ဖြစ်တယ်လို့လဲ သြစတြေးလျသံရုံး၏ ထုတ်ပြန်ချက်မှာပါရှိသည်။