ပလက်ဝရှိ ဟုမ်းရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာမှာ ပြည်သူတွေ သေဆုံးခဲ့တာကို CDF တွေ သေဆုံးတာလို့ စစ်ရာဇဝတ်မှုကို ဖုံးကွယ်ထားတဲ့ လုပ်ကြံသတင်း

Truth Media ဆိုတဲ့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်ကနေ ပလက်ဝမြို့နယ်၊ဟုမ်းရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာမှာ ပြည်သူ ခုနစ်ဦးသေဆုံးခဲ့တာကို Chinland Defense Force (CDF) တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တာဖြစ်တယ်လို့ သူတို့ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုကို ဖုံးကွယ်ဖို့အတွက် လုပ်ကြံသတင်းတစ်ပုဒ်ကို ဖြန့်ဝေလာခဲ့ပါတယ်။
အဲဒီပို့စ်ကို ဇန်နဝါရီလ ၃၀ ရက်နေ့ မနက် ၁၀နာရီခွဲမှာ စတင်ဖြန့်ဝေလာတာဖြစ်ပြီး ပျံ့နှံ့မှုက ညနေ ၁ နာရီခွဲ ဝန်းကျင်မှာ like & react ၆၀ ကျော် ၊ View ခုနစ်ထောင်ကျော် နဲ့ မှတ်ချက်ပေးမှု ၁၃ ခု ရှိတာ တွေ့ရပါတယ်။ အဲဒီပို့စ်ကို အခြား စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေနဲ့ ဖေ့စ်ဘွတ်ခ်တွေမှာပါ ထပ်မံမျှဝေတာတွေ ဖြန့်ဝေတာတွေလည်း တွေ့ရပါတယ်။
ကြည့်ရှုရန် – https://archive.ph/kZ5LU
ဒီသတင်းကို သတင်းတု၊ သတင်းမှား စစ်ဆေးတဲ့နည်းတွေနဲ့ စိစစ်ကြည့်တဲ့အခါမှာ သူတို့ဖန်တီးထားတဲ့ သတင်း အမျိုးအစားဟာ သတင်းဖြစ်စဥ်မှန်ကန်ပေမယ့် သတင်းမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေက လွဲမှားနေတဲ့ အကြောင်းအရာတွေဖြစ်နေတာ ၊ မသက်ဆိုင်တဲ့ အခြေနေတစ်ခုကို ဖန်တီးချိတ်ဆက်ပြီးတော့ လှည့်စားလိုတဲ့ သဘောနဲ့ တင်ဆက်ထားတဲ့ လုပ်ကြံသတင်း အမျိုးအစားတစ်ခု ဖြစ်နေတာကို တွေ့ရပါတယ်။
စစ်ရေးမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေကိုပါ ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာကို သတင်းဖုံးလိုတဲ့ သဘောနဲ့ ရေးသားထားပြီး အကြောင်းအရာ အချက်အလက်တွေကိုလည်း လိုသလို အသုံးပြုလှည့်စားကာ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားထားတာ တွေ့ရပါတယ်။
တကယ့် သတင်းမှန်ကိုတော့ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေဖြစ်တဲ့ Mizzima ၊ People’s Spring တို့ရဲ့ ဖော်ပြချက်တွေအရ ဇန်နဝါရီလ ၂၉ရက် နေ့လယ် ၁နာရီကျော်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဟုမ်းရွာကို စစ်ကောင်စီက လေကြောင်းကနေ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပြီး သေဆုံးသူ ခုနစ်ဦးအနက် ခြောက်ဦးဟာ မင်းတပ်မြို့နယ်ကနေ ဓါတ်ဆီသယ်လာသူများဖြစ်ပါတယ်။ သူတို့ နားနေချိန်မှာ ဗုံးကြဲခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဖတ်ရှုရန်သတင်းအပြည့်အစုံ –
Mizzima >>> https://archive.ph/IEsWy
People’s Spring >>> https://bitly.ws/3bguA
အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ်ဖော်ပြလိုက်ရပါတယ်။
ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။
အလွယ်မယုံလိုက်ကြနဲ့နော်။