ပလက်ဝစစ်ရှောင် လေးသောင်းကျော် ဝမ်းပျက်၊ဝမ်းလျှောနှင့် အခြားရောဂါများ ဖြစ်ပွားနေပြီး အရေးပေါ် အကူညီလိုအပ်

Author မင်းထက်
Categories
Published on Jan 12, 2024

ချင်းပြည်နယ်(တောင်ပိုင်း)၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်က စစ်ဘေးရှောင် လေးသောင်းကျော်တွင် ဝမ်းပျက်/ဝမ်းလျှောရောဂါအပါအဝင် ရောဂါများဖြစ်ပေါ်နေ၍ အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီ ကယ်ဆယ်ရေးတာ၀န်ခံ ဆလိုင်းဘွေရှိုင်းက CJ Platform သို့ ပြောသည်။

ပလက်ဝဒေသအတွင်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းမှစတင်ကာ ယနေ့အထိ ရက္ခိုင့်တပ်တော် AA၊ ချင်းတော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီစစ်တပ်တို့ကြား တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် စစ်ဘေးရှောင် အရပ်သား လေးသောင်းကျော်အထိရှိလာခဲ့ပြီးနောက် လိုအပ်ချက်များ မြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ပလက်၀မြို့ပေါ်က ထွက်ပြေးတာနဲ့ပေါင်းရင် လေးသောင်းကျော်တော့မယ်။ တိုက်ပွဲရှောင် ပြည်သူတွေမှာ အဖျားရောဂါ၊ ငှက်ဖျားရောဂါ၊ ၀မ်းရှော၊ ၀မ်းပျက်၊ နှာစီး/ချောင်ဆိုး၊ အစာအိမ်‌ ရောဂါ စတဲ့အဓိကရောဂါအများဆုံးဖြစ်တယ်။ ဆောင်းရာသီမလို့ ကလေးနဲ့ လူကြီးပိုင်း နှစ်မျိုးစလုံးအရေးကြီးလိုအပ်နေပါတယ်” ဟု ကယ်ဆယ်ရေးတာ၀န်ခံက ပြောသည်။

လတ်တလော တိုက်ပွဲတိမ်းရှောင်များအတွက် ဆေးဝါးပစ္စည်းများ၊ စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း/အမိုးအကာပစ္စည်းများ အကူအညီလိုအပ်နေကြောင်း ဆလိုင်း ဘွေရှိုင်းက ဆိုသည်။

 

လက်ရှိ ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းအများစုကို ရက္ခိုင့်တပ်တော် AA နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူထားပြီး စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးရမှုများဖြစ်ပေါ်‌နေရသည်။

 

AA အနေဖြင့် ပလက်ဝဒေသကို စစ်ကောင်စီကင်းစင်သည့် နယ်မြေဖြစ်လာနိုင်ရန် ကြိုးပမ်းလျက်ရှိရာ ကျန်ရှိနေသေးသော စခန်းများကို ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ကြောင်း ဇန်နဝါရီလ  ၁၀ ရက်နေ့တွင် AA က ထုတ်ပြန်ထားသည်။

 

ထို့ကြောင့် စစ်ရေးပြင်းထန်နေသော ပလက်ဝမြို့နယ်တစ်ခုလုံးတွင် စစ်ရှောင်နေရသူများ လိုအပ်နေသော စားနပ်ရိက္ခာ၊ ဆေးဝါး၊ နေရာထိုင်ခင်း/အမိုးအကာပစ္စည်းများကို ပြည်တွင်း/ပြည်ပ တိုင်းရင်းသားညီကို/မောင်နှမများနှင့် NGO/INGO အဖွဲ့အစည်းများမှ လူသားချင်းစာနာထောက်ထားသည့် အနေဖြင့် ကူညီပေးရန် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီက မေတ္တာရပ်ခံတောင်းဆိုထားသည်။

 

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှတင်၍ ရှမ်းပြည်(မြောက်ပိုင်း)၊ တောင်ပိုင်း၊ ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ ရခိုင်၊ ချင်း၊ မွန်ပြည်နယ်တို့အပါအဝင် စစ်ကိုင်း၊ မန္တလေး၊ ပဲခူးတိုင်း အရှေ့ပိုင်းနှင့် တနင်္သာရီတိုင်းတို့က အရပ်သား ၆၆၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသည့်အတွက် နိုင်ငံအနှံ့နေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၆ သန်းကျော်ရှိလာပြီဖြစ်ကြောင်း  UNOCHA(မြန်မာ)၏ ဇန်နဝါရီလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

 

ဓာတ်ပုံ- ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီ