ပရိမ္မကျေးရွာရှိ ရွာသားတွေကို လူသားတံတိုင်းအဖြစ် PDFတွေက ခေါ်ယူထွက်ပြေးသွားတယ်ဆိုတဲ့ လုပ်ကြံသတင်း

Author မင်းထက်
Categories
Published on Jan 09, 2024

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ၊ ပရိမ္မကျေးရွာမှာရှိတဲ့ ရွာသားတွေကို လူသားတံတိုင်းအဖြစ် ခေါ်ယူထွက်ပြေး သွားတယ်ဆိုတဲ့ သတင်းမှားတစ်ခုကို စစ်တပ်လော်ဘီ Telegram Channel နဲ့ Facebook အကောင့်တွေကနေ ဇန်နဝါရီ ၇ ရက်နေ့ ညနေ ၆ နာရီ ၄၁ မိနစ်ဝန်းကျင်မှာ တပြိုင်တည်း ဖြန့်ဝေလာခဲ့ကြပါတယ်။

 

“စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပရိမ္မကျေးရွာ၌ အခြေပြုထားသည့် အကြမ်းဖက်စခန်းနေရာအချို့ကို တပ်မတော်က ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၅ နာရီခန့်တွင် ဝင်ရောက်ရှင်းလင်းလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ထိုသို့ ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက်သမားများမှာ ၎င်းတို့ ခြိမ်းခြောက်ထားသော ကျေးရွာသား ၁၀၀၀ ကျော်ကို လူသားတံတိုင်းအဖြစ် အသုံးပြု၍ ခေါ်ယူထွက်ပြေးသွားခဲ့သည်” ဆိုတဲ့ စာသားတွေနဲ့အတူ  စစ်ကောင်စီလော်ဘီ Myanmar Hard Talk Telegram ကနေ  စတင်ဖြန့်ဝေလာတာကို တွေ့ရပါတယ်။ ဒီအချက်အလက်တွေက်ု စစ်ဆေးခဲ့ရာမှာ ယနေ့ ဇန်န၀ါရီလ  ၉ရက်နေ့ ညနေ  ၂ နာရီခွဲ ၀န်းကျင်မှာ Like & react ၂၀၀ ကျော် ၊ မှတ်ချက် ၄ ခုနဲ့ ကြည့်ရှုသူ ၁၀၀၀၀ ကျော်အထိ ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။

 

ကြည့်ရှုရန် — Link – https://archive.ph/z9liI

 

ဒီသတင်းကို  စိစစ်ကြည့်တဲ့အခါမှာ ဖြစ်စဥ်ဟာ စစ်တပ်ရဲ့ လက်နက်ကြီးပစ် မီးရှို့မှုကြောင့် ဖြစ်ပေါ်ခဲ့ရတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့၀င်တွေနဲ့ ပြည်သူတွေကြား ထင်ယောင်ထင်မှားဖြစ်စေဖို့ အတွက် အချက်အလက်တွေကို လိုသလိုအသုံးပြုပြီး ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားထားတာ တွေ့ရပါတယ်။

 

ဒီအကြောင်းအရာတွေနဲ့ ပက်သက်ပြီး CJ Platform စိစစ်ခဲ့ရာမှာ သီးခြားလွတ်လပ်သော သတင်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Mizzima သတင်းဌာနရဲ့ ဖော်ပြချက်မှာ မြောင်မြို့နယ် ကျောက်ရစ်စခန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ပရိမ္မကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့သောကြောင့် ဒေသခံ ၁,၀၀၀ ကျော်ကို  PDF တွေက အချိန်မီကယ်ထုတ် နိုင်တာလို့ သိရပါတယ်။

 

သတင်းအပြည့်အစုံဖတ်ရှုရန် —  https://archive.ph/dVAsM

 

ဒီသတင်းမှားကို သတင်းတု၊ သတင်းမှား စစ်ဆေးတဲ့နည်းတွေနဲ့ စိစစ်ကြည့်တဲ့အခါမှာ သူတို့ဖန်တီးထားတဲ့  သတင်း အမျိုးအစားကတော့ အမှန်အကန်တင်ဆက်ချက်ကို မသက်ဆိုင်သော အခြေအနေ အခင်းအကျင်း တစ်ရပ်နဲ့ ချိတ်ဆက်ပြသထားတဲ့ အခြေအနေအခင်းအကျင်းအမှား ( False Context ) ဖြစ်နေတာ တွေ့ရပါတယ်။

 

အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ်ဖော်ပြလိုက်ရပါတယ်။

 

ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။

 

အလွယ်မယုံလိုက်ကြနဲ့နော်။

Related News

Depend on news