ပန်းများဖြင့် ကြိုဆိုခံရသည့် ရေဇွာမြို့သိမ်း ရဲဘော်များ

Author လဂွန်းအိမ်
Categories
Published on Dec 02, 2023

ချင်းပြည်နယ်၊ ရေဇွာမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သော တိုက်ပွဲမှပြန်လာသည့် ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းညီနောင် ၅ ဖွဲ့တို့မှ တော်လှန်ရေးရဲဘော်များကို အရပ်သားပြည်သူများက တောင်ပေါ်ပန်းခတ်များဖြင့် ကြိုဆိုကြပုံများကို Chiland Information Center မှ ယနေ့ ဒီဇင်ဘာ ၂ ရက်နေ့တွင် မျှဝေခဲ့သည်။

ရေဇွာမြို့ရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းများကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် CNA နှင့် ချင်းညီနောင် ၅ ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲမှအပြန် ပြည်သူများမှ ရိုးရာဝတ်စုံများနှင့် ပန်းကုန်းများဖြင့် ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။

အဆိုပါမြို့သိမ်းတိုက်ပွဲကို CNA စစ်ဦးစီးချုပ်ကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့ပြီး ညီနောင် ၅ ဖွဲ့ဖြစ်သည့် CDF-Zotung၊ CDF-Zophei၊ CDF-Lautu၊ CDF-Mara၊ CDF-Senthang တို့နှင့်အတူ CDF-Hakha၊ CDF-Matupi (Battalion 2)၊ CDF-Thantlang၊ အရှိုချင်းကာကွယ်ရေးတပ် ACDF နှင့် CDF-Hualngoram တို့မှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကာ လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ချင်းတပ်ပေါင်းစုထံမှ သိရသည်။

 

ချင်းပြည်နယ်တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များမှ ရေဇွာမြို့အပါအဝင် ရိခေါဒါရ်နှင့် လိုင်လဲန်းပီမြို့တို့ကို ယခုလပိုင်းအတွင်း သိမ်းပိုက်ရရှိထားပြီး ရိခေါဒါရ်နှင့် လိုင်လဲန်းပီမြို့တို့တွင် ပြည်သူ့အုပ်ချုပ်ရေးစနစ် စတင်နေပြီဖြစ်သည်။