ပန်းဘဲတန်း အစ္စလာမ်ဘာသာရေးကျောင်းက ဆရာ ၂ ဦး ကလေးငယ်များကို လိင်အကြမ်းဖက်ပြီးနောက် ထွက်ပြေးနေဟုဆို

Author လင်းနွေဦး,ခေတ်နီ
Categories
Published on Dec 18, 2023

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ် (၂၆)လမ်းပေါ်ရှိ အစ္စလာမ်ဘာသာရေးကျောင်းက ဘာသာရေးဆရာ(၂)ဦးသည် ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားပြီးနောက် ထွက်ပြေးတိမ်းရှောင်နေကြောင်း မြန်မာမွတ်စ်လင်မ် တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောကြားသည်။

 

ထိုဘာသာရေးစာသင်ကျောင်းရှိ ဆရာ(၂)ဦးသည် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုးရွားသည့် လိင်ဆက်ဆံခိုင်းခြင်းများ အထိ ကလေးငယ်များကို အတင်းအကြပ်စေခိုင်းခဲ့သည်ကို ဗီဒီယို သက်သေများနှင့်တကွ ကလေးငယ်များ၏ ကြိုးပမ်းမှုဖြင့် ရယူနိုင်ခဲ့ကြောင်း အဆိုပါတာဝန်ရှိသူက ဆိုသည်။

“ငါ အဲဒီလိုကျူးလွန်ခံရချိန်မှာ အခန်းတံခါးကို ဂျက်ဖွင့်ခဲ့မယ်။ မင်းတို့က ဗီဒီယိုရိုက်ထား” ဟု ကျူးလွန်ခံရသူ ကလေးငယ်က ကျန်ကလေးငယ်များကို မှာခဲ့သည်ကို ကျန်ကလေးငယ်များ၏ အရဲစွန့်ကြိုးပမ်းမှုဖြင့် ဗီဒီယို ရိုက်ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ကျူးလွန်ခံရသူကလေးငယ်များ၏ ပြန်လည်ပြောပြချက်အရ သိရှိရကြောင်း ယင်းတာဝန်ခံက CJ Platform သို့ ပြောကြားသည်။

 

အဆိုပါဗီဒီယိုမှတ်တမ်းနှင့်တကွ ဒီဇင်ဘာ (၈)ရက်နေ့၌ ကျူးလွန်ခံရသူကလေးငယ်များ၏ မိဘများက ကျောင်းအာဏာပိုင်များကို တိုင်ကြားခဲ့ပြီး စွပ်စွဲခံရသူ ဆရာ(၂)ဦးဘက်ကလည်းဟုတ်မှန်ကြောင်း ဝန်ခံခဲ့သော်လည်း ကျောင်းမှ ထုတ်ပယ်ခြင်းသာ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

 

ထို့ကြောင့် ဒီဇင်ဘာ (၁၅)ရက်နေ့တွင် ကျူးလွန်သူနှစ်ဦးကို ကလေးမိဘများက ဓမ္မတာနှင့်ဆန့်ကျင်သည့် လိင်ဆက်ဆံမှု ပုဒ်မ ၃၇၇ နှင့် ပြစ်မှုကျူးလွန်ရန်အားထုတ်မှု ပုဒ်မ ၅၁၁ တို့ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါအမှုကို လိုက်လံဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်ခင်၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ယခုအခါ အဆိုပါ ဆရာ (၂)ဦးမှာ နေအိမ်တွင်ရှိမနေဘဲ ထွက်ပြေးတိမ်းရှောင်နေကြောင်း မြန်မာမွတ်စ်လင်တော်လှန်ရေးအင်အားစုထံမှ သိရသည်။

 

ထိုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ တရားမျှတမှုရရှိရန် မြန်မာမွတ်စ်လင် တော်လှန်ရေးအင်အားစုအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာမွတ်စ်လင် တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ပြောကြားသည်။