ပန်းပင်နီလမ်းဖြစ်စဥ်မှာဖမ်းဆီးခံရသူများထဲ CTUM အဖွဲ့ဝင် ၅ ဦးပါဝင်

Author ခေတ်နီ
Categories
Published on Sep 14, 2022

ရန်ကုန်မြို့ ကြည်မြင်တိုင်မြို့နယ် ပန်းပင်နီလမ်း(ပန်းပင်ကြီးလမ်း)မှာ ဆန္ဒပြတောင်းဆိုမှုတွေပြုလုပ်ချိန်အတွင်းဖမ်းဆီးခံရသူများထဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM အဖွဲ့ကအဖွဲ့ဝင်များပါဝင်နေတယ်လို့ အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့ စက်တင်ဘာလ ၁၃ရက်နေ့တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တရားဝင် အသိအမှတ်ပြုရန်အတွက်ပန်းပင်နီလမ်း(ပန်းပင်ကြီးလမ်း)မှာ ကုလသမဂ္ဂကို တောင်းဆိုဆန္ဒပြနေစဥ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်မျာဖြင့်ပစ်ခတ်ဖြိုခွင်းခဲ့​ခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်ဖမ်းဆီးမှုဖြစ်စဥ်အတွင်း CTUM အဖွဲ့ဝင် ၅ ဦး ဖြစ်သည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် – BWFM မှ ဦးနေမင်းထွန်းနှင့် ဦးအေးချမ်းအောင်၊ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားမဂ္ဂများအဖွဲ့ချုပ် – IWFM မှ ဒေါ်ဇူးဇူးရာခိုင်၊ ဒေါ်ယမင်းကေသွယ်ခိုင်နှင့် ဦးသန်းဇော် တို့ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ CTUM ကနာမည်နှင့်တကွ ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံခဲ့ရသူများထဲတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၊ Myanmar Labour Alliance၊ ဗမာ့လူငယ်ကွန်ရက်၊ ပညာနန်းတော်ကိုယ်ပိုင်ကျောင်းကျောင်းသားများသမဂ္ဂ၊ Owl Community၊ သတင်းထောက်များ စသည့် အဖွဲ့အစည်းအသီးသီးမှ အမျိုးသမီး၊ အမျိုးသား၊ LGBTများနှင့်အသက်မပြည့်သေးသော လူငယ်များ စုစုပေါင်း ၁၅ ဦး ကျော်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အဆက်အသွယ်ပျက်တောက်နေဆဲဖြစ်သည်။

ဆန္ဒပြထုတ်ဖော်သူများသည် စာတမ်းပါပိတ်စများ ရောင်စုံမီးခိုးဗုံးများ ကိုင်ဆောင်ဆန္ဒထုတ်ဖော်စဥ် ဖမ်းဆီးရမိခြင်းဖြစ်ပြီး ကျား ၁၈ဦး မ၉ဦးကိုဖမ်းမိစစ်ဆေးနေသည်ဟု စစ်ကောင်စီ ရဲကြေးနန်းတွင်ဖော်ပြထားသည်။

အဆိုပါဖမ်းဆီးခံရသူများမှာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကိုမင်းသူရိန်လဲဖမ်းဆီးခံခဲ့ရပြီး အဆိုပါပန်းပင်ကြီးလမ်းမှာပဲ ပြီးခဲ့သည့်၂၀၂၁ ဒီဇင်ဘာ ၅ ရက်ကလည်း ရန်ကုန်းတွင် ဆန္ဒပြလူငယ်များကို စစ်ကောင်စီကကားနှင့်တိုက်ပြီး ဖြိုခွင်းပြုလုပ်ခဲ့သေးတာကြောင့်သပိတ်လူငယ်တ ချို့သေဆုံးကာ အများအပြားဖမ်းဆီးခံရမှုလည်း ရှိခဲ့သေးသည်။