ပန်ဆန်းရှိ ကျာဖျန်လုပ်ငန်းတွင် ရောင်းစားခံထားရကြောင်း CJ Platform သို့ဆက်သွယ် အကူညီတောင်းခံခဲ့သည့် အမျိုးသမီးတစ်ဦး ပြန်လည်လွတ်မြောက်လာ

Author ခေတ်နီ
Categories
Published on Dec 25, 2022

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့နယ်အတွင်း ကျာဖျန်လုပ်ငန်းဟု လူသိများသည့် တရုတ်လူလိမ်လုပ်ငန်းတွင် ရောင်းစားခံခဲ့ရသည့် လူ ၂၀ ဦးအနက်မှ CJ Platform သို့ ဆက်သွယ် အကူညီတောင်းခံခဲ့သည့် အမျိုးသမီးတစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရှိရသည်။

ပန်ဆန်းမြို့တွင် စကားပြန်အဖြစ် အလုပ်လုပ်ရမည်ဟုဆိုကာ အဆိုပါအမျိုးသမီးပါအဝင် လူ ၂၀ ဦးခန့်အား တရုတ်လူမျိုးပွဲစားမှ လိမ်လည်ခေါ်ဆောင်ခဲ့ကာ တရုတ်ယွမ် ၄၅၀၀၀ ဖြင့် ပန်ဆန်းမြို့ ကော်ဟုန်းတံတား အပေါ်ဖက် ရေဆေးဆီလိုက်လမ်းကြားအတွင်း ၉ထပ်တိုက်တွင် ရှိသည့် ကျာဖျန်လုပ်ငန်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းမှာ ရောင်းစားခဲ့တာပဲ ဖြစ်သည်။

 

အဆိုပါ အမျိုးသမီး၏ မိသားစုမှ လျော်ကြေးပေးဆောင်ကာ ပြန်လည်ခေါ်ယူသည်ကို ယင်းကျာဖျန်လုပ်ငန်းမှ လျော်ကြေးအပြင် လူစားထိုးတစ်ဦးပါ ပေးအပ်ရမည်ဟု အကြပ်ကိုင် ခြိမ်းခြောက်နေမှုကို CJ Platform မှ ဒီဇင်ဘာလ ၂၃ရက်နေ့ မနက်ပိုင်းတွင် သတင်းဖော်ပြခဲ့ပြီးနောက် ယင်းနေ့ ညနေပိုင်းတွင်ပင် လျော်ကြေးငွေပေးကာ ပြန်လည် ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

“တနေ့က ညက လွတ်တာ ယွမ် သုံးသောင်းတော့ ပြန်လျော်ပေးခဲ့ရတယ် အခုတော့ အိမ်ရောက်ပါပြီ”ဟု ပြန်လည် လွတ်မြောက်လာသည့်အမျိုးသမီးမှ CJ Platform သို့ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း ကျာဖျန်လုပ်ငန်းတွင် ပိတ်လှောင်ခံထားရကြောင်း CJ Platform သို့ ဆက်သွယ်အကူညီတောင်းခံလာသည့် လူငယ် ၂၉ဦး၏ သတင်းကို CJ Platform မှ သတင်းဖော်ပြအပြီး ပြန်လည်လွတ်မြောက်ခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

တရုတ် လူမျိုးများ အဓိက ဦးဆောင် လုပ်ကိုင်နေသည့် ကျာဖျန် ကုမ္ပဏီများသည်” ဝ “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့‌များတွင် အများအပြားရှိကာ အေးဂျင့်များ၏ လိမ်လည် ခေါ်ဆောင်မှုကြောင့် ဝင်ရောက် လုပ်ကိုင်နေကြသည့် လူငယ်များသည်လည်း ငရဲခန်းတမျှ ဖိနှိပ် နှိပ်စက်မှုများကိုခံနေရကာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ရက်နေ့တွင်လည်း ကျာဖျန်ကုမ္ပဏီတစ်ခု ဖြစ်သည့် ထိုင်ဟွာလုံ ကုမ္မဏီမှ တိုက်ပိတ် နှိပ်စက်ခြင်းခံခဲ့ရသည့် လူငယ် ၁၆ ဦးကို ဒေသအာဏာပိုင်များမှ ပြန်လည်ကယ်ထုတ်နိုင်ခဲ့သော်လည်း အဆိုပါ ကုမ္ပဏီတွင်ပင် လူငယ် ၂ ဦး ထပ်မံ တိုက်ပိတ်နှိပ်စက်ခံနေရကြောင်း CJ Platform မှ စုံစမ်းသိရှိရသည်။