ပန်ဆန်းတွင် လူငယ် ၁၈ ဦး လိမ်လည် ရောင်းစားခံရ

Author ခေတ်နီ
Categories
Published on Jan 21, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့နယ်အတွင်း လူငယ် ၁၈ဦးကို ပွဲစားအမျိုးသားနှစ်ဦးမှ တရုတ်လုပ်ငန်းရှင်ထံ လိမ်လည်ရောင်းချသွားကြောင်း အဆိုပါလူငယ်များထံမှ သိရသည်။

အဆိုပါ လူငယ်များသည် မန္တလေးမြို့မှ ပန်ဆန်းသို့ အလုပ်လာရောက်လုပ်ကိုင်သည့် လူငယ်များဖြစ်ပြီး ၎င်းတို့အား အလုပ်ရမည်ဟုဆိုကာ ချိတ်ဆက်ခေါ်ဆောင်ခဲ့သည့် ပွဲစားနှစ်ဦးဖြစ်သူ ကိုကျော်နိုင်နှင့် ကိုလူပျိုတို့မှ တရုတ်လူမျိုး တည်းခိုခန်းပိုင်ရှင်ထံ ယွမ်ငွေ ၁၃၀၀၀ ဖြင့် ရောင်းစားခဲ့ပြီး ထိုတည်းခိုခန်းပိုင်ရှင်မှ ယွမ်ငွေ ၁၅၀၀၀ ဖြင့် အခြား တရုတ်လူမျိုးလုပ်ငန်းရှင်ထံ ထပ်မံရောင်းစားခဲ့တာပဲ ဖြစ်သည်။

“ကျနော်တို့ကို ခေါ်လာတဲ့ပွဲစားက တည်းခိုခန်းမှာ ထားခဲ့လို့ ၁၅ရက်လောက်နေရတယ် အဲ့ကနေ အလုပ်ရမယ်ဆိုပြီး အခုရောက်နေတဲ့နေရာကို ခေါ်လာတာ ဒီမှာက ဘာအလုပ်မှမရှိဘူး ပြီးတော့ ကျနော်တို့ ရောင်းစားခံရတာကိုတောင် ဒီရက်ပိုင်းမှာ တရုတ်လောပန်က ပြောပြလို့သိတာ ရောက်နေတာ တစ်လပြည့်ပြီ ပွဲစားတွေကို ဖုန်းဆက်တော့လဲ ဝေ့လည်ကြောင်ပတ်ပဲ ဖြေနေတာ “ဟု ရောင်းစားခံရသည့် လူငယ်တစ်ဦးက CJ Platform သို့ပြောသည်။

ထိုသို့ ရောင်းစားခံရခြင်းကို သိရှိပြီးနောက် အဆိုပါလူငယ်များမှ သက်ဆိုင်ရာအား တိုင်တန်းခဲ့ပေမယ့် ကူညီပေးမည်ဟုသာ ပြောဆိုခဲ့ပြီး လက်ရှိအချိန်အထိ ထူးခြားမှု မရှိသေးကြောင်း သိရသည်။

“ကျနော်တို့က ရဲတိုင်တော့ ရဲကလာမေးတယ် ဒီကိုလာဖို့ သူတို့ ပိုက်ဆံထုတ်ပေးလားဆိုပြီး ကျနော်တို့က ကိုယ့်စားရိတ်နဲ့ ကိုယ်လာတာလို့ ပြန်ဖြေတော့ ဟုတ်ပြီ ငါတို့ လုပ်ပေးမယ်ပြောပြီး ဒီကလောပန်းကို တရုတ်ပွဲစား လောပန်းဆီ ၁၅၀၀၀ နဲ့ရောင်းတဲ့ ပွဲစားနေတဲ့ဆီ လိုက်ပို့ခိုင်းတာ ခုထိတော့ အကြောင်းမပြန်သေးဘူး”ဟု အဆိုပါလူငယ်ကဆက်ပြောသည်။

အဆိုပါ လူငယ်များသည် လက်ရှိမှာတော့ ၎င်းတို့အား ယွမ် ၁၅၀၀၀ ဖြင့်ဝယ်ယူသွားသည့် တရုတ်သူဌေး၏ လုပ်ငန်းခွင် အတွင်းတွင် နေထိုင်နေရပြီး ၎င်းတို့အား လိမ်လည် ရောင်းစားခဲ့သည့် ပွဲစားများထံ ဆက်သွယ်ခဲ့ပေမယ့် ပွဲစားများမှ ၎င်းတို့စရောက်သည့် နေ့ကိုသာ မှတ်သားထားပြီး တနေ့လျင် ယွမ်တစ်ရာ ရမည်ဟူ၍သာ ပြောဆိုထားကြောင်း သိရသည်။

“မင်းတို့ ဒီကထွက်မယ်ဆို ထမင်းစရိတ် ပြန်ပေးရမယ် ပြောတယ်၊ တကယ်ဆို ကျနော်တို့က ပွဲစားနဲ့ ဒီကလောပန်း သဘောတူပြီး အလုပ်ရမယ်ပြောပြီး ခေါ်ထားပြီး၊ ပြီးတော့ ကျနော်တို့ စရောက်တည်းက ပွဲစားလဲ ဖုန်းဆက်ပြောတယ် ဒီကလောပန်းကိုလဲ ပြောတယ် ငါတို့ အလုပ်မရှိပဲမနေနိုင်ဘူး မင်းတို့အတွက်လဲ အကျိုးမရှိဘူး ငါတို့အတွက်လဲ ပိုက်ဆံမရပဲ မင်းတို့ ထမင်းကုန်ခံပြီး ငါတို့ခေါ်မထားနဲ့ လိုပြောတယ်၊ ပွဲစားက မင်းတို့ စရောက်တဲ့ ရက်တွေပဲ မှတ်ထား တစ်ရက် ယွမ်တစ်ရာရမယ် ဆိုပြီးပဲပြောတယ်” ဟု အဆိုပါ လူငယ်က ဆက်လက်ပြောကြားသည်။

ထို့အပြင် ၎င်းတို့အား တည်းခိုခန်းမှ လက်ရှိနေရာသို့ ရောက်ရှိနေသည့် ကာလအတွင်းမှာတင် အခြားသော တရုတ်လူမျိုးများနှင့် စကားပြန်များမှ လာရောက် ဝယ်ယူမှုများ ရှိခဲ့သော်လည်း လူငယ်များအနေဖြင့် လက်ခံခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် ရှားပါးမှုကြောင့် ပန်ဆန်းဒေသအတွင်းတွင် အလုပ်လုပ်ကိုင်လိုသည့် လူငယ်များကို ပွဲစားများမှ လိမ်လည်ခေါ်ဆောင်ကာ တရုတ်လူမျိုးများ ဦးဆောင်လုပ်ကိုင်သည့် လူလိမ်လုပ်ငန်းနှင့် ပြည့်တန်ဆာလုပ်ငန်းများတွင် ရောင်းချခဲ့မှုများလည်း ပြီးခဲ့သည့် လပိုင်းအတွင်း အများအပြား ဖြစ်ပွားခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ပန်ဆန်း #လူကုန်ကူးမှု