ပန်ဆန်းတွင် ကျာဖျန်(လိမ်လည်မှု)လုပ်ငန်း ဝင်ရောက်လုပ်ကိုင်မိသူလူငယ် ၃၀ ခန့်ကို တရုတ်သူဌေးက အခန်းထဲပိတ်လှောင်ထား

Author ခေတ်နီ
Categories
Published on Dec 20, 2022

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့နယ်အတွင်း ကျာဖျန်လုပ်ငန်းဟု လူသိများသည့် တရုတ်လူလိမ်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်မိသူ မြန်မာလူငယ် ၃၀ ခန့်ကို တရုတ်သူဌေးမှ လုပ်ခလစာမပေးပဲ အခန်းတွင်း ပိတ်လှောင်ထားကြောင်း အဆိုပါ လူငယ်များထံမှ သိရသည်။

ပန်ဆန်းမြို့နယ်အတွင်းရှိ တရားမဝင် လူလိမ်လုပ်ငန်း တစ်ခုဖြစ်သည့် ကျာဖျန်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်မိသူ လူငယ် ၃၀ ဦးခန့်သည် ကုမ္ပဏီထံမှ ၎င်းတို့ရသင့်သည့် လုပ်ခလစာအား တောင်းခံရာမှ နှစ်ဖက်အချင်းများမှုဖြစ်ပွားပြီး ကုမ္ပဏီလုံခြုံရေးများမှ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက် နေ့မှစတင်ကာ အခန်းတွင်း ပိတ်လှောင်ထားခဲ့တာပဲ ဖြစ်သည်။

အဆိုပါ လူငယ်များသည် အေးဂျင့်များမှ online marketing လုပ်ငန်းဟု လိမ်လည် ခေါ်ဆောင်လာမှုကြောင့် ပန်ဆန်းရှိ ကျာဖျန်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ကြရသည့် လူငယ်များဖြစ်ပြီး အများစုမှာ ဖျာပုံ၊ ရန်ကုန်၊ မန်းတလေး ၊မြစ်ကြီးနား ၊သီပေါ၊ လားရှိုးနှင့် ရခိုင်မှ လူငယ်များဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါလူငယ်များကို အခန်းအတွင်းတွင် ပိတ်လှောင်ထားလျှက်ရှိနေပြီး ကုမ္ပဏီရှိ တရုတ်လုံခြုံရေးများမှ ရိုက်နှက်ခြင်း ပြုလုပ်မည့်ပုံစံများရှိနေပြီး အလုပ်သမားများကို ကုမ္ပဏီဖက်မှ လစာလိုချင်ပါက စာချုပ်တွင် လက်မှတ်ထိုးရမည်ဟု အတင်းအကျပ် ခိုင်းစေလျက်ရှိနေကြောင်း၊ လက်မှတ်မထိုးပါကာ တရုတ်ယွမ်ငွေ ၁၃၀၀၀နှင့် တစ်လစာ နေထိုင်စားစရိတ်ကို လျော်ကြေးအဖြစ်ပေးမှသာ အလုပ်မှ ထွက်ခွာခွင့်ပြုမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ကျာဖျန်ဟု ခေါ်သည့် လုပ်ငန်းသည် Facebook ၊ Instagram နှင့် twitterစသည့် လူမှုကွန်ရက်များမှ တဆင့် လူအများအား လိမ်လည်ရသောလုပ်ငန်းဖြစ်ပြီး အေးဂျင့်များ၏ လိမ်လည်မှုဖြင့် ဝင်ရောက် လုပ်ကိုင်မိသူများကို ကျာဖျန်ကုမ္ပဏီများမှ တရားမဝင်စာချုပ်များချုပ်ဆိုကာ အတင်းအဓမ္မ ခိုင်းစေလေ့ရှိပြီး အလုပ်မှ ထွက်ခွာချင်သူများအားလည်း များပြားလှသည့် ပမာဏဖြင့် လျော်ကြေးများတောင်းကာ မပေးနိုင်ပါက တရုတ်သူဌေး အလုပ်ရှင်များမှ လူကုန်ကူးခြင်းနှင့် အမျိုးသမီးများအား ပြည့်တန်ဆာအဖြစ် ရောင်းစားမှုများပါ ရှိနေတာပဲ ဖြစ်သည်။

“ကျာဖျန်ဆိုတာ သိသူနည်းတယ် အေးဂျင့်တွေက online marketing ဆိုပြီးလိမ်ခေါ်လာတာ
သူဌေးက လစာမပေးနိုင်ကြောင်း ထွက်ချင်ရင် လျော်ကြေးပေးရမယ်လို့ ပြောတဲ့အချိန်ကဆို ကောင်မလေးတစ်ယောက်ကို ဝ ယူနီဖောင်းဝတ် လုံခြုံရေးတွေက ရိုက်နှက်ဖို့ရွယ်ပါတယ် ကျနော်တို့ တောင်းပန်လို့သာ အရိုက်မခံခဲ့ရတာပါ ကုမ္ပဏီနာမည်တော့မသိဘူးဗျာ ရှိမှာဗျ အခုကျနော်တို့ကို ဖိအားပေး လတ်မှတ်ထိုးခိုင်းနေတဲ့ စာချုပ်မှာတော့ နာမည်ပါလောက်မှာ တရုတ်စာနဲ့မို့မဖတ်တတ်တာပါ”ဟု ပိတ်လှောင်ခံထားရသည့် လူငယ်တစ်ဦးက CJ Platform သို့ ဆက်သွယ်ပြောကြားသည်။

ထိုလူငယ်များတွင် မိန်းကလေး၇ဦးနှင့် ယောက်ျားလေး၂၂ဦးပါဝင်နေပြီး ၎င်းတို့ကို ကူညီကယ်ထုတ်ပေးရန် သက်ဆိုင်ရာ ဝပြည်နယ်ရဲဌာနများကို ဖုန်းဆက် အကူအညီတောင်းခံသော်လည်း တရုတ်စကားဖြင့်သာ ပြန်လည်ဖြေကြားနေသောကြောင့် အကူအညီတောင်းခံရန် အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

“” ဝ ” ရဲကို ဖုန်းဆက်ပြီး အကြာင်းကြားပါတယ် တရုတ်စကားပဲဖြေပါတယ် ကျနော်တို့ထဲက ကလေးမလေးတစ်ယောက်က သူ့အမျိုးရှိတဲ့ ဝ စစ်တပ်ဆီ အကူညီတောင်းတော့ လာကူညီပေးပေမဲ့ အဲ့ကောင်မလေးတစ်ယောက်သာ သူဋ္ဌေးက ထွက်ခွင့်ပေးလိုက်တယ် လစာရချင်ရင် စာချုပ်မှာ လက်မှတ်ထိုးမှ ပေးမယ်ပြောပါတယ် လက်မှတ်ထိုးရင် ကိုယ့်ကိုကိုယ် ရောင်းစားသလိုဖြစ်ပြီလေ ကျနော်တို့ကို ပိတ်ထားတာက
ပန်ဆန်းမြို့ ကျုံးကော်တံတား အနီးမှာပါ”ဟု ၎င်းမှဆက်လက်ပြောကြားသည်။

တရုတ် လူမျိုးများ အဓိက ဦးဆောင် လုပ်ကိုင်နေသည့် ကျာဖျန် ကုမ္ပဏီများသည်” ဝ “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့‌များတွင် အများအပြားရှိကာ အေးဂျင့်များ၏ လိမ်လည် ခေါ်ဆောင်မှုကြောင့် ဝင်ရောက်လုပ်ကိုင်နေကြသည့် လူငယ်များသည်လည်း ငရဲခန်းတမျှ ဖိနှိပ် နှိပ်စက်မှုများကို ခံနေရပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ရက်နေ့တွင်လည်း ကျာဖျန်ကုမ္ပဏီတစ်ခု ဖြစ်သည့်
ထိုင်ဟွာလုံ ကုမ္မဏီမှ တိုက်ပိတ်နှိပ်စက်ခံခဲ့ရသည့် လူငယ် ၁၆ ဦးကို ဒေသအာဏာပိုင်များမှ ပြန်လည် ကယ်ထုတ်ခဲ့ရသည်။
ဓာတ်ပုံ- ပေးပို့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကျာဖျန် #လူလိမ် #ဝပြည်