ပင်လုံမြို့လေး ဖျားနေသည်

Author ကောန်ဆာန်ရွတ်
Categories
Published on Jan 27, 2024

ပင်လုံစာချုပ်လို့ ပြောလိုက်တာနဲ့ ပင်လုံမြို့ကို ပြေးမြင်ကြမှာပါ။ မြန်မာ့လွတ်လပ်‌ရေးအတွက် တောင်တန်း-ပြည်မ ‌ပေါင်းစည်းခဲ့ရာ‌မြို့လေးဝယ် ဓားပြနဲ့ ခိုးဆိုလုယက်သူတွေပေါင်းစုံရာမြို့လေးသဖွယ်ဖြစ်လာလို့နေပါတယ်။

 

သူတို့ကြောင့်ပဲ ပင်လုံမြို့လေး နာမကျန်းဖြစ်နေရသလို မြို့ခံတွေလည်း ကျီးလန့်စာစားနေကြရပါတယ်။

 

အဲဒီလို ညွှန်းဆိုချင်ပါကလည်း ညွှန်းဆိုချင်သဖွယ်ပင်။

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်ထဲက အေးချမ်းတဲ့ပင်လုံမြို့လေးမှာ ကြေးစားဓားပြအဖွဲ့အထိ ဖွဲ့စည်းတည်ရှိနေပါပြီ။

 

အဲဒီအဖွဲ့ကနေ မြို့ထဲက ကြေးရတတ်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ကြုံတွေ့ခဲ့ရသူတွေက CJ Platform ကို ပြောထားကြပါတယ်။

 

ပင်လုံမြို့သူ/သားတွေရဲ့ ခြောက်အိပ်မက်တွေကို စတင်မက်စေခဲ့တာ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကပါ။

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ပင်လုံမြို့လယ်က ဦးတင်ထွန်းနာမည်ရ ဖုန်းဆိုင်ကို သေနတ်ပစ်ခတ် ဓားပြတိုက်မှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ပစ်ခတ်မှုကြောင့် လူလေးဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

အဲဒီပစ်ခတ်မှုအပြီး နှစ်ပတ်ခန့်အကြာမှာပဲ နောက်ထပ်ဓားပြတိုက်မှု ဆက်ဖြစ်ခဲ့ပါတယ်။

 

အခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှာ မြို့မဈေးထဲက ကိုကျော်ဆိုင်+မခင်ဦး ရွှေဆိုင် ဓားပြတိုက်ခံခဲ့ရတာပါ။

 

“သူခိုး၊ ဓါးပြတွေ အရမ်းပေါလာပြီး ပေါ်ပေါ်ထင်ထင် လုလိုက်၊ လူသတ်လိုက်နဲ့ အိမ်ထဲ နေရတာတောင် မလုံခြုံတော့ဘူး” လို့ ပင်လုံမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

အဲဒီလို ပစ်ခတ်တိုက်ခိုက်၊ ဓားပြတိုက်မှုတွေအပြီးမှာပဲ တောင်ပေါ်သားတွေ မထင်မှတ်တဲ့အရာတွေ ဆက်တိုက်ဖြစ်လာခဲ့ရပါတော့တယ်။ 

 

ဇန်နဝါရီ လဆန်းပိုင်းကစလို့ “ကြေးစားပစ်ခတ်” အဖွဲ့ဆိုပြီး အဖွဲ့တစ်ခုပေါ်ပေါက်လာတာပါ။အဲဒီအဖွဲ့ကနေ မြို့တွင်း ပိုက်ဆံချမ်းသာသူတွေဆီ ခြိမ်းခြောက်စာတွေပို့ပြီး ငွေညှစ်ပါတယ်။ 

 

အဲဒီခြိမ်းခြောက်စာတွေကို CJ Platform သတင်းဌာနက ခြိမ်းခြောက်ခံရသူမိသားစုတွေဆီက ရရှိခဲ့ပါတယ်။

သူတို့ရဲ့အဓိကရည်ရွယ်ချက်က ငွေရဖို့ဆိုတာ ခြိမ်းခြောက်စာအရ သိရပါတယ်။ ခြိမ်းခြောက်မှုတွေပြည့်နှက်နေတဲ့စာထဲမှာ အပြင်းထန်ဆုံးအနေနဲ့ သူတို့တောင်းဆိုချက်ကို မလိုက်လျောပါက “သတ်ဖြတ်ခြင်းခံရမယ်” လို့ ဆိုပါတယ်။

 

ဒါ့အပြင် ကြေးစားပစ်ခတ်အဖွဲ့လို့ သူတို့ဘာသာ နာမည်မှည့်ခေါ်ထားတဲ့အဖွဲ့ရဲ့ ခြိမ်းခြောက်စာထဲ “ခင်ဗျားတို့ဆိုင်ရဲ့ မိသားစု၊ ဝန်ထမ်း မထိခိုက်စေချင်ရင် ကျွန်ုပ်တို့အထက်ကို ညှိနှိုင်းပြီးဆွေးနွေးပါ။ ကျန်ကိစ္စကို ပျက်ကွက်ပါက လက်ရှိမြို့တွင်းလို ပစ်ခက်ခြင်းကို ပြုလုပ်မည်/ မိသားစု၊ ဝန်ထမ်း ကလေးပါမကျန် ပစ်ခက်ပါမည်” လို့ အဲဒီအဖွဲ့ရဲ့ စာတွေထဲ ထည့်ရေးထားပါတယ်။

 

လက်ရေးနဲ့ ရေးသားထားတဲ့ ခြိမ်းခြောက်စာတွေထဲ ‘ကြေးစားပစ်ခက်’ အဖွဲ့လို့ အဖွဲ့နာမည်စာလုံးပေါင်းအမှားနဲ့ ဘယ်နေ့ရက်အတွင်း အဖွဲ့အကြီးအကဲတွေနဲ့ ဆက်သွယ်ညှိနှိုင်းရမယ်လို့ သတိပေးပြောဆိုမှုတွေလည်း လုပ်ဆောင်ထားတာကို တွေ့ရပါတယ်။

 

ခြိမ်းခြောက်စာတွေကို နေအိမ်နဲ့ စျေးဆိုင်ခန်းရှေ့တွေမှာ ညအချိန် လာရောက်ချထားလေ့ရှိပြီး CCTV မှတ်တမ်း‌တွေအရ နံပါတ်ပြားမပါတဲ့ အဖြူရောင် ပရိုဘောက်မော်တော်ယာဉ်နဲ့ လာရောက်တာဖြစ်တယ်လို့ စာပစ်ခံရသူတွေဆီက သိရပါတယ်။

 

ခြိမ်းခြောက်စာပေးပို့တဲ့ အဖွဲ့ရဲ့ လက်နက်၊ လူအင်အားနဲ့ ဘယ်အဖွဲ့က ဦးဆောင်နေတယ်ဆိုတဲ့အချက်တွေကို အသေးစိတ်အတည်ပြုနိုင်ခြင်း မရှိသေးဘဲ CJ Platform က စုံစမ်းနေဆဲဖြစ်ပါတယ်။

 

ဒီလိုလုပ်ဆောင်နေတဲ့ တရားခံတွေကို ဒေသအာဏာပိုင်တွေက လက်ရှိအချိန်အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။ 

 

ဒီလိုခြိမ်းခြောက်စာပစ်ခံရမှုတွေ၊ ဓားပြတိုက်မှုတွေကြောင့် တိုက်ပွဲမရှိတဲ့မြို့လေးက မြို့ခံတွေ တဖွဲဖွဲတိမ်းရှောင်ကြရပါပြီ။

 

ကြေးစားအဖွဲ့ရဲ့ ခြိမ်းခြောက်စာပစ်ခံခဲ့ရတဲ့ မိသားစုဝင်တစ်ဦးက CJ Platform ကို အခုလိုပြောပြပါတယ်။

 

” ဆိုင်တွေကို စာလိုက်ပစ်ပြီး ပိုက်ဆံနဲ့ ညှိနှိုင်းဖို့ ရေးထားတယ်။ မညှိနှိုင်းရင် မိသားစုဝင်တွေရော၊ ဆိုင်ဝန်ထမ်းပါမကျန် အကုန် သတ်ပစ်မယ်တဲ့။ ကျွန်မတို့မှာ အားကိုးစရာလည်း မရှိတော့ ကြောက်ပြီး ထွက်ပြေးရုံပဲ တတ်နိုင်တယ်” လို့ ဖွင့်ဟပြောကြားလာပါတယ်။

 

ခိုးဆိုးလုယက်၊ ဓားပြတိုက်မှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့  ပင်လုံမြို့တွင်းက ဆိုင်တွေဟာ ညနေမရောက်ခင်မှာပဲ ပိတ်သိမ်းလာကြသလို ခြိမ်းခြောက်စာများ မရရှိဘဲ အပြီးပိတ်လိုက်တဲ့ ဆို‌င်‌တွေလည်း ရှိလာနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

 

စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း အဆိုးဒဏ်ခံရတဲ့ မြန်မာပြည်သူတွေထဲ ရှမ်းပြည်တောင်ပိုင်းက လွတ်လပ်ရေးကျောက်တိုင်စိုက်ထူရာ ပင်လုံမြို့လေးက မြို့ခံတွေလည်း အပါအဝင်ပါပဲ။

 

နေအိမ်ဖောက်ထွင်းမှု၊ လုယက်ဓါးပြတိုက်မှူများ တစထက်တစ များပြားလာခဲ့ပြီး တရားဥပဒေစိုးမိုးမှုမရှိသလောက်ဖြစ်နေခဲ့ရာကနေ အခုဆို ကြေးစားဓားပြအဖွဲ့ထိ ပေါ်ပေါက်လာခဲ့ရပါပြီ။

 

ဒါဟာ စစ်‌တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး သူတို့ကိုယ်သူတို့ ကြေးစားအဖွဲ့လို့ခေါင်းစဉ်တပ်ပေါ်ပေါက်လာတဲ့အဖွဲ့ဖြစ်ပါတယ်။ တခြားပြည်နယ်နဲ့ တိုင်းက ဖွဲ့တွေမှာ ခိုးဆိုးလုယက်၊ ဓားပြတိုက်မှုတွေရှိနေပေမဲ့ အခုလို ကြေးစားအဖွဲ့လို့အမည်ခံထားတဲ့အဖွဲ့တွေမရှိသေးပါဘူး။

 

အခုလိုဖြစ်ရပ်တွေကြောင့် ပင်လုံမြို့ခံတွေဟာ သွားသတိ၊ လာသတိနဲ့ ကျီးလန့်စာ စားနေကြရပါတယ်။

 

စစ်ကောင်စီ လက်အောက်ခံ စစ်သားနဲ့ ရဲသားတွေလည်း မကူပါဘူး။ တော်လှန်ရေးအဖွဲ့တွေလည်း အားနည်းတာကြောင့် ကူဖွယ်ရာမရှိပါဘူး။ ကူကယ်ရာမဲ့နေတဲ့ ပင်လုံမြို့သူ/သားတွေဟာ မြို့ကိုစွန့်ခွာရင်းနဲ့ လုံခြုံမယ်ထင်တဲ့နေရာတွေကို ကူးပြောင်းနေကြပါတယ်။

 

မြန်မာ့လွတ်လပ်ရေးနဲ့အတူ ကမ္ဘာသိ ပင်လုံမြို့လေးဟာ အခုတော့ ခိုးဆိုးလုယက်၊ ဓားပြတိုက်မှုတို့ကြောင့် ဖျားနာနေရပါပြီ..

 

ဘယ်သူ ကူကယ်မလဲ။