ပင်နတီ CDMလုပ်ပြီး အရှုံးစံချိန်ကို မြန်မာ့မြေပေါ်တွင် ဆက်လက်ထိန်းသိမ်းခဲ့သည့် မြန်မာအသင်း

Author ပိုင်ပိုင်
Categories
Published on Dec 21, 2022

AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲအဖြစ် ယနေ့ ဒီဇင်ဘာလ ၂၁ရက်နေ့တွင် မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် မလေးရှားအသင်းမှ မြန်မာအသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် မြန်မာ့မြေပေါ်တွင် ပထမဆုံး လက်ခံကျင်းပရသည့် ယင်းပွဲစဉ်တွင် ပွဲကြည့်ပရိသတ်မှာ အားကစားသမားများ အရေအတွက်နှင့် နှိုင်းယှဉ်လျှင်ပင် လွန်စွာနည်းပါးခဲ့သည်ကို တွေ့ရသည်။

မြန်မာအသင်းသည် မလေးရှားအသင်းကို ပထမပိုင်း ဂိုးမရှိသရေကစားနိုင်ခဲ့သော်လည်း ပွဲစဉ် ဒုတိယပိုင်းတွင် မလေးရှားအသင်းအား ဦးဆောင်ဂိုး တစ်ဂိုးခွင့်ပြုခဲ့ရသည်။

သရေကျစေမယ့် အခွင့်အရေးကို ဒုတိယပိုင်းပြီးခါနီးတွင် မြန်မာအသင်းရရှိခဲ့သော်လည်း ရရှိသည့် ပင်နယ်တီကို တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ဂိုးပိုက်နှင့် လွဲချော်အောင် ကန်နိုင်ခဲ့၍ အရှုံးနှင့် ရင်ဆိုင်လိုက်ရသည်။

မြန်မာအသင်းသည် အုပ်စု (B) တွင် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအိုတို့နှင့် ရင်ဆိုင်နေရပြီး လာမည့် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် စင်ကာပူအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ထိုင်းအသင်းအား ခြေစမ်းပွဲတွင် ခြောက်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသည့် မြန်မာအသင်းသည် မလေးရှားအသင်းနှင့် ပွဲစဉ်တွင်လည်း အရှုံးစံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။