ပခုက္ကူအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြနေ

Author ခေတ်နီ
Categories
Published on Oct 20, 2022

မကွေးတိုင်း၊ ပခုက္ကူအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြနေပြီး ထောင်ဝန်ထမ်းများက ရိုက်နှက်နှိပ်စက်မှုများ လုပ်ဆောင်ကာ တိုက်ပိတ်ထားမှုများ ရှိနေကြောင်း ပခုက္ကူအကျဥ်းထောင်ကို ထောင်ဝင်စာပို့ဆောင်နေသူများထံမှ သိရသည်။

ပခုက္ကူထောင်အတွင်းမှာ အောက်တိုဘာလ ၁၅ရက် နေ့မှစတင်ကာ ထောင်ဆူပူမှုဖြစ်ပြီး နိုင်ငံရေးအကျဥ်းသား ၆ ဦးကို ထောင်မှထွက်ပြေးရန်ကြိုးစားသည် ဟု စွပ်စွဲကာ ထောင်ဝန်ထမ်းများက ရိုက်နှက်ကာ တိုက်ပိတ်ထားမှုကို နိုင်ငံရေးအကျဥ်းသားများက မကျေနပ်တာကြောင့် အောက်တိုဘာလ ၁၆ ရက်နေ့မှစတင်ကာ အစာငတ်ခံဆန္ဒပြနေကြခြင်း ဖြစ်သည်။

ထိုသို့ အစာငတ်ခံဆန္ဒပြမှုကို နိုင်ငံရေးအကျဥ်းသားများအပြင် အခြားပြစ်မှုများနှင့် ပြစ်ဒဏ်ကျခံနေသူများပါ ပူးပေါင်းပါဝင်နေပြီး ထောင်အာဏာပိုင်များက ရိုက်နှက်နှိပ်စက်မှုများပါရှိနေကြောင်း သိရသည်။

“ဆန္ဒစပြတာ၁၆ ရက်နေ့ကစပြတာ ၁၅ရက်နေ့က ၆ ယောက်အရိုက်ခံရတာကိုမကျေနပ်လို့ပြတာ သူတို့ကိုလဲတိုက်ပိတ်ထားတယ် အစာငတ်ခံတဲ့ နောင်ထပ် ၁၅ယောက်လောက် ထပ်အပိတ်ခံရတယ်လဲပြောတယ် သေတော့မသေချာပါဘူး ရိုက်ခံရတာပြင်းတဲ့သူတွေက အသက်အန္တရာယ်စိုးရိမ်ရတယ်”ဟု ပခုက္ကူအကျဥ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားများအတွက် ထောင်ဝင်စာပို့ဆောင်နေသူတစ်ဦးက CJ Platformကို အတည်ပြု ပြောကြားသည်။

အဆိုပါ အစာငတ်ခံဆန္ဒပြမှုသတင်းကို ထောင်အာဏာပိုင်များမှ ပြင်ပသို့ မပေါက်ကြားစေရန် ဖုံးဖိထားပြီး အကျဥ်းသားများကို ဖိနှိပ်မှုများ လုပ်ဆောက်လျက်နေကြောင်းလဲ သိရသည်။

ထို့အပြင် ပြီးခဲ့တဲ့စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပခုက္ကူအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ငါးဦး ထွက်ပြေးလွတ်မြောက်ခဲ့ဖူးပြီး အောက်တိုဘာ ၁၅ ရက်နေ့ ပခုက္ကူထောင်ဆူပူမှုဖြစ်ချိန်မှာပဲ အသစ်ရောက်ရှိလာသည့် ထောင်မှူးတစ်ဦးဓားဖြင့်အခုတ်ခံရပြီးနောက် နိုင်ငံရေးအကျဥ်းသား ၇၅ဦးကို မြင်းခြံထောင်သို့ ရွေ့ပြောင်းထားကြောင်း သိရသည်။