ပခုက္ကူရှိ စစ်ကောင်စီတပ်ဝန်းအတွင်းသို့ ဗုံးသီးချတိုက်ခိုက်မှု စစ်သား ၂ ဦး ထိ

Author မင်းထက်
Categories
Published on Nov 15, 2023

မကွေးတိုင်း၊ ပခုက္ကူမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏လက်အောက်ခံ ၁၀၁ ခြေမြန်တပ်မဟာဌာနချုပ်ဘေး ၁၅၂ တပ်အတွင်းသို့ ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Thu Rain. T.R. မှ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ယနေ့ နို၀င်ဘာလ ၁၅ ရက် နံနက် ၇ နာရီ၀န်းကျင်တွင် ၁၅၂ တပ်အတွင်းသို့ တစ်ကီလိုဂရမ်ကျော် ဗုံးသီး သုံးလုံးချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့မနက်ပိုင်း က ၁၀၁ လက်အောက်ခံ ဘေးကပ်ရပ်က ၁၅၂ တပ်တွင်းထဲကို 1kg ကျော်ဗုံးသီး သုံးလုံးချခဲ့တယ်ဗျ။ ခုနစ်နာရီကျော်လောက်က စပြီးတိုက်ခိုက်ခဲ့တာဗျ။ သူတို့ဘက်က တပ်တွင်းနေအိမ်တွေပေါ်ကိုကျတော့ ရမ်းသန်းပစ်ခတ်တယ်ဗျ။လက်နက်ကြီးတွေနဲ့ကော ကောင်တာပြန်ပစ်တယ်ဗျ” ဟု အထက်ပါတာ၀န်ရှိသူက ပြောသည်။

 

ယနေ့ နံနက် ၇ နာရီမှစတင်ကာ တစ်နာရီခွဲကြာအထိ Thu Rain. T.R ၊ မြိုင် ပကဖ တပ်ရင်း(၁)၊ MRTF(မြိုင်) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။