ပခုက္ကူမြို့နယ်တွင် ပထမဆုံးအကြိမ် တော်လှန်ရေးတပ်ဖွဲ့များ စုဖွဲ့မှုအခမ်းအနား ကျင်းပကာ လက်နက်များတပ်ဆင်ပေး

Author မင်းထက်
Categories
Published on Mar 30, 2024

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် အခြေစိုက် စုဖွဲ့မှုအခမ်းအနားကို လွတ်‌မြောက်နယ်မြေ တစ်နေရာတွင် အဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များနှင့် နာယကများက ဦးဆောင် ကျင်းပခဲ့ကြောင်း Pakokku People’s Defense Force တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

မတ်လ ၂၉ ရက်နေ့  နံနက်  ၁၁ နာခန့်မှ စ၍  သုံးနာရီခန့်အကြာ ပခုက္ကူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးစု မှ ရဲဘော်အယောက် ၇၀ ဦးပါ၀င်သော အဆိုပါ စုဖွဲ့မှုအခမ်းအနားကို ကျင်းပခဲ့ကြောင်း ၊ ရဲဘော်များကို စည်းလုံးရေး၊ စစ်ရေးနှင့် နိုင်ငံရေး စသည့် အရေးကြီးသည့် အချက်များ၊ စစ်သည်တော်များ လိုက်နာရမည့် စစ်စည်းမျဉ်းစည်းကမ်းများ၊ လက်နက်ကိုင်နည်းဥပဒေလမ်းစဉ်များကို တိကျသေချာစွာ လိုက်နာရန်နှင့် နွေဦးတော်လှန်ရေး၏ အဓိကအသက်သွေးကြောဖြစ်သည့် ပြည်သူလူထုတစ်ရပ်လုံးအား အစဉ်အမြဲဦးထိပ်ပန်ဆင်လေးစားရန် အဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များနှင့် နာယကများမှ မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့်လည်း ယခင်ထက် ပိုမိုကောင်းမွန် ကျစ်လစ်ခိုင်မာသော စုဖွဲ့မှု အင်အားစုဖြစ်ရန်နှင့် ပြည်သူလူထု၏ ထောက်ပံ့ကူညီမှုဖြင့် ရရှိသော လက်နက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းအဝဝကို အသက်နှင့်ရင်း၍ လေးစားတန်ဖိုးထားရန် အစရှိသည့် ရဲဘော်တစ်ဦးချင်းစီ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကိုလည်း မှာကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားကို Earthquake People’s Defence Force၊ Young Force UG၊ Pakokku People’s Defense Force အဖွဲ့တို့မှ အဖွဲ့အစည်းခေါင်းဆောင်များနှင့် နာယကများက တက်ရောက်ခဲ့ပြီး ရဲဘော်များကို လက်နက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ တပ်ဆင်ပေးအပ်ခဲ့ကြောင်း သိရသည်။

“မြို့နယ်တွင်းမှာ ခုမှအစပျိုးရတာပါ။ ခုလိုတွေ စက်လက်နက်အစုံညီနဲ့ မြင်ရတော့ ဝမ်းသာတာပေါ့ဗျာ။ ကျင်းပတဲ့ ရည်ရွယ်ချက်ကတော့ ရဲဖော်တွေ စည်းလုံးဖို့နဲ့ အလုပ်တွေ ထိရောက်အောင် ဆောင်ရွက်နိင်ဖို့ပါ” ဟု Pakokku People’s Defense Force တာ၀န်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် တော်လှန်ရေး၏ အရွေ့တစ်ခုဖြစ်ရန်နှင့် မြို့နယ်ကို ယခင်ထက်ပိုမို ကောင်းမွန်သော စုဖွဲ့မှုတစ်ရပ်ဖြစ်ရန်၊ တော်လှန်ရေးရဲဘော်အချင်းချင်း အပြန်အလှန် လေးစားမှုရှိစေရေး ပူးပေါင်းပါဝင်ပေးကြရန် ပခုက္ကူမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စုဖွဲ့မှုသင်တန်း အပတ်စဉ်များကို ပူးပေါင်းပါဝင် တက်ရောက်စေလိုကြောင်း အထက်ပါ ကာကွယ်ရေးတပ်များက ဖိတ်ခေါ် ပြောဆို ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – Pakokku People’s Defense Force