ပခုက္ကူနည်းပညာတက္ကသိုလ်အနီး လက်နက်နှင့် ကျည်များပါဝင်သည့် စစ်တပ်ထောက်ပို့ကားများကို တိုက်ခိုက်၊ ၇ ဦးသေဆုံး

Author မင်းထက်
Categories
Published on Apr 10, 2024

မကွေးတိုင်း၊ ပခုက္ကူနည်းပညာတက္ကသိုလ်နှင့် ပန်းတိုင်းခြုံကျေးရွာအကြား စစ်ကောင်စီ၏ လက်နက်ခဲယမ်းများအပါအဝင် ထောက်ပို့လုပ်နေသော ကားများကို ပစ်ခတ်ခတ်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီလက်အောက်ခံ ၇ ဦးသေဆုံးကြောင်း Southern YSO PDF အဖွဲ့ထံမှ သိရသည်။

 

ပြီးခဲ့သည့် ဧပြီ ၆ ရက် နေ့လယ်ပိုင်းတွင် ဆင်ချောင်းပျူစောထီးကျေးရွာမှထွက်လာသော ဦးပိုင်ကုမ္ပဏီပိုင် စူပါကော်ဖီမစ် ဘောက်ကားတစ်စီးနှင့် အမှတ် ၂၅၉ တပ်ရင်းမှ ကုန်ပစ္စည်းများနှင့် စစ်သားများ တင်ဆောင်လာသည့် ကုန်ကားတစ်စီးတို့ကို တော်လှန်ရေးတပ်ဖွဲ့များက GTC စစ်တပ်ဂိတ်နှင့် ပန်းတိုင်းခြုံ စစ်တပ်ဂိတ်အကြားတွင် တားဆီးစစ်ဆေးခဲ့သည်။

 

“သတင်းအတိအကျရခဲ့လို့ စစ်တဲ့နေရာမှာ ရှေ့ကား(ဦးပိုင်ကုမ္ပဏီပိုင်ကား)ကိုတားတယ်။ ရှေ့ကားက မရပ်တဲ့အတွက် ကျွန်တော်တို့ပစ်တယ်။ ပြီးတော့ နောက်က ကုန်ကားကြီးက ကျွန်တော်တို့ကို ပစ်တယ်။ ကျွန်တော်တို့ဘက်က အားကောင်းတော့ ကုန်ကားထဲက ငါးယောက်က ပွဲချင်းပြီးသေတာ။ ပွဲကြာချိန်က ဘယ်လောက်မှ မကြာဘူး။ ကုမ္ပဏီကားကို စစ်ဆေးတာပြုလုပ်တယ်။ အဲဒီနောက် ကုန်ကားကြီးကို စစ်မယ်အလုပ် ခွေးဂိတ် နှစ်ဂိတ်အကြားဖြစ်တဲ့အတွက် နှစ်ဖက်ညှပ်ပစ်တဲ့အခါမှာ ကုန်ကားကြီးကို မစစ်နိုင်ခဲ့ဘူး။ ကုန်ကားကြီးကို စစ်နိုင်ရင် သေနတ်တွေသေချာပေါက် ရနိုင်တဲ့အခြေနေမှာရှိတယ်” ဟု Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

စူပါကော်ဖီမစ်ကုမ္ပဏီပိုင် ကန်တာအမျိုးအစားမော်တော်ယာဉ်တစ်စီးသည် အဆိုပါလမ်းပိုင်းတွင် မကြာခဏဆိုသကဲ့သို့ စစ်ကောင်စီဂိတ်စခန်းများအတွက် လက်နက်ခဲယမ်းများ သယ်ဆောင်ပေးနေကြောင်း သတင်းရရှိထားသောကြောင့် စောင့်ဆိုင်းစစ်ဆေးရန် ပြုလုပ်ခြင်းမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ထိုပစ်ခတ်မှုအတွင်း ကုမ္ပဏီကားပေါ်တွင် လိုက်ပါလာသော မတင်ဇာဝင်းပြည့် (၂၅၉ စစ်တပ်ရှိ တပ်ကြပ်ကြီးတစ်ဦး၏ ချွေးမ)၊ ပခုက္ကူမြို့အနောက်ဘက် ဆည်ရွာနေသူနှင့် ကိုနေသူလွင်တို့အပြင် ကုန်ကားပေါ်တွင် လိုက်ပါလာသော စစ်ကာင်စီတပ်သား ငါးဦးသေဆုံးခဲ့ပြီး ကျန်စစ်သားများ ထွက်ပြေးသွားကြောင်း သိရသည်။

 

ယာဉ်မောင်းဦးမြင့်နိုင်ဆိုသူမှာလည်း ပြင်းထန်ဒဏ်ရာရကာ ကားပေါ်မှ အအေးကတ်၊ ကော်ဖီမစ်ပုံးတွေအတွင်း သိုဝှက်သယ်ဆောင်လာသော ကပစ ကျည် ၅.၅၆ ကျည် အတောင့် ၃၁၀၊ ဗုံးသီး ၃ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း Southern YSO PDF ထံမှ သိရသည်။

 

ပစ်ခတ်မှုအပြီး ကုန်ကားကို စစ်ဆေးရန်ပြင်စဉ် မီတာ ၆၀ဝ အကွာ ပခုက္ကူနည်းပညာတက္ကသိုလ် GTC စစ်ကောင်စီဂိတ်မှ လက်နက်ကြီးပစ်ခတ်ခဲ့သည့်အပြင် မီတာ ၁၂၀ဝ ခန့်ကွာဝေးသော ပန်းတိုင်းခြုံ စစ်ကောင်စီဂိတ်မှ စစ်ကူများသည်လည်း မီတာ ၅၀ဝ ခန့်အကွာအထိ ရောက်ရှိလာခြင်းကြောင့် ကုန်တင်ကားကို မစစ်​နိုင်ဘဲ ပြန်လည်ဆုတ်ခွာလာခဲ့ရကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

 

ဆုတ်ခွာပြီးနောက် ပခုက္ကူမြို့၊ စက်မှုဇုန် စစ်ဆေးရေးဂိတ်မှ ကားသုံးစီးဖြင့် အင်အား ၄၀ ခန့် ရောက်ရှိလာပြီးနောက် သေဆုံးသူများကို လူနာတင်ယာဉ် နှစ်စီးဖြင့် အမှတ် ၂၅၉ တပ်ရင်းအတွင်းသို့ သယ်ဆောင်သွားကြောင်း၊ ထို့ပြင် စစ်ကားအကြီး ငါးစီးဖြင့် စစ်သားအင်အား ၂၅၀ ခန့်ထပ်မံရောက်ရှိလာကာ  ကုန်ကားကို ဦးစားပေးစစ်ဆေးခဲ့ပြီးနောက် အမှတ် ၂၅၉ တပ်ရင်းအတွင်းသို့ မောင်းနှင်ယူဆောင်သွားကြောင်း သိရသည်။