ပခုက္ကူတွင် အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦးကို သားမယားအဖြစ်ပြုကျင့်မှုဖြစ်ပွား

Author ခေတ်နီ
Categories
Published on Sep 09, 2022

မကွေးတိုင်း ပခုက္ကူမြို့တွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦးကို သားမယားအဖြစ် အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၅ရက်နေ့တွင် ပခုက္ကူမြိုမစျေးနှင့် အနီးတဝိုက် စျေးရောင်းသွားသည့် ကလေးငယ်တစ်ဦး ပြန်မလာသဖြင့် ရပ်ကွက်အတွင်းမှ လူကြီးများက လိုက်လံရှာဖွေခဲ့ရာ ပြန်လည်တွေ့ရှိမှုမရှိဘဲ စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်းတွင်မှ အဆိုပါအမျိုးသမီးငယ်ကို ပေါက် လမ်းအနီးရှိ အနောက်ပန်းခြံအနီး ဟိုတယ်ရှေ့မှ ဘေးတွဲဆိုင်ကယ်ဖြင့် နေအိမ်သို့ အမည်မသိသူများမှ ပြန်လည်ပို့ဆောင်ခဲ့ရာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာစဉ် အသိစိတ်မရှိသဖြင့် သူနာပြုဆရာမနှင့် စမ်းသပ်ကြည့်ရာ အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာများ တွေ့ရှိရတာကြောင့် ပခုက္ကူဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

လက်ရှိမှာတော့ ထိုအမျိုးသမီးငယ်ကို အဓမ္မပြုကျင့်သူဟု သံသယရှိသည့် လူငယ်တစ်ဦးကိုဖမ်းဆီးရမိထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း မြို့ခံတချို့က ဆိုသည်။

“၅ရက်နေ့ကပျောက်သွားတာ ၆ရက်နေ့မှာပြန်တွေ့တယ်ပေါ့လေ ဟိုတယ်ဖက်ကနေ ရဲကို ဖုန်ဆက်ပြီး အကြောင်းကြာတာလို့သိရတယ်။ အုပ်စုဖွဲ့ပြီး လုပ်တဲ့ပုံစံပဲ ကောင်မလေးက စကားမေးမရသေးဘူး တစ်ယောက်တော့မိတယ် သူဟုတ်မဟုတ် မသေချာသေးဘူးလေ”ဟု ပြောပြသည်။

အဓမ္မ ပြုကျင့်ခံရမှုကြောင့် အဆိုပါအမျိုးသမီးငယ်ဟာ လမ်းမလျှောက်နိုင်ဖြစ်နေပြီး လက်ရှိမှာတော့ဖြစ်စဥ်ကို ပခုက္ကူမြို့မရဲစခန်း၌ အမှုတိုင်ကြားထားပြီး ဆက်လက်စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။