နှုံးဘူးဗျူဟာကုန်း ထပ်သိမ်းယူနိုင်ရေး AA ဆက်လက်ကြိုးပမ်းနေ

Author အဂ္ဂ
Categories
Published on Dec 06, 2023

ရက္ခိုင်ပြည် ပလက်ဝမြို့နယ်ရှိ စစ်ရေးအရရေးပါသည့် နှုံးဘူးဗျူဟာကုန်းကို ထပ်မံသိမ်းယူနိုင်ရန် ရက္ခိုင့်တပ်တော်(AA) က ကြိုးပမ်းနေသည့်အတွက် တိုက်ပွဲများပြင်းထန်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော်ထုတ်ပြန်ချက်အရ သိရသည်။

 

ပေါက်တောမြို့နယ်အတွင်း နှုံးဘူးနှင့် ထရွန်ဗျူဟာကုန်းနှစ်ခုအနက် ထရွန်ဗျူဟာကုန်းကို ဒီဇင်ဘာ (၄) ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ပြီးဖြစ်သည်။

 

အဆိုပါ ဗျူဟာကုန်းနှစ်ခုရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးအနားရှိ ပြည်သူလူထုကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ရက်ရှည်လများ ဒုက္ခပေးနေသည့်အတွက် ရက္ခိုင့်တပ်တော်က  နိုဝင်ဘာ (၁၄) ရက်နေ့မှစတင်ကာ စခန်းကုန်းနှစ်ခုလုံးကို ထိုးစစ်ဆင်၍ သိမ်းယူနိုင်ရေးကြိုးပမ်းနေခြင်းဖြစ်သည်ဟု သိရသည်။

 

ရဟတ်ယာဉ်ကွင်း (၂) ကွင်းပါသည့် ထရွန်အိုင်ဗျူဟာ စခန်းကုန်းကို AA က သုံးပတ်ကြာထိုးစစ်တိုက်ခိုက်ပြီးနောက် ဒီဇင်ဘာ (၄) ရက် နေ့လယ် (၁) နာရီ (၄) မိနစ်တွင် အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကာ ဟောင်ဝစ်ဇာအမြှောက်အပါအဝင် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုသိမ်းဆည်းရမိခဲ့သည်ဟု ရက္ခိုင့်တပ်တော်က ယမန်နေ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ကြေညာထားသည်။

 

လက်ရှိတွင် ကျန်ရှိနေသေးသည့် နှုံးဘူးဗျူဟာကုန်းကို ထပ်မံသိမ်းယူနိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်မှု (၂၃) ရက်မြောက်အဖြစ် အပြင်းအထန်ထိုးစစ်ဆင်ကြိုးပမ်းနေပြီး စစ်ကောင်စီဘက်မှလည်း ယနေ့ နံနက် (၈) နာရီ (၄၅) မိနစ်အချိန်မှစတင်၍ ဂျက်လေယာဉ်များ၊ လက်နက်ကြီးပစ်ကူ အမြှောက်အမြားဖြင့် ခုခံစစ်ကိုဆင်နွှဲနေသည့် အတွက် တိုက်ပွဲများပြင်းထန်နေသည်ဟု ဆိုသည်။

 

တစ်နှစ်နီးပါး အပစ်ရပ်ထားသည့် ရက္ခိုင်ပြည်တွင် နိုဝင်ဘာ (၁၃) ရက်နေ့မှစတင်ကာ ရက္ခိုင့်တပ်တော် (AA) က  ၁၀၂၇ စစ်ဆင်ရေး စတင်ဆင်နွှဲခဲ့ပြီး လက်ရှိအချိန်တွင် စစ်ရေးအရ အရေးပါသည့် ထရွန်အိုင်ဗျူဟာစခန်းကုန်းအပါအဝင် စစ်ကောင်စီ တပ်စခန်းပေါင်း (၄၄) ခုထက်မနည်းကို သိမ်းပိုက်ကာ နေရာယူထားနိုင်ခဲ့ပြီဖြစ်သည်။

 

ဓာတ်ပုံ – AA Info Desk