နှုံးဘူးဗျူဟာကုန်းကို AA ထံ လက်လွှတ်ခဲ့ရပြီးနောက် စစ်ကောင်စီ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်

Author လဂွန်းအိမ်
Categories
Published on Dec 12, 2023

စစ်ကောင်စီမှ ဂျက်လေယာဉ်တစ်စီးဖြင့် ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထားသော နှုံးဘူးဗျူဟာကုန်းအနီးသို့ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်တွင် လာရောက်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

စစ်ကောင်စီက အခိုင်အမာ အထိုင်ချထားသော ပလက်ဝမြို့နယ်အတွင်းရှိ နှုံးဘူးဗျူဟာကုန်းတစ်ခုလုံးကို နိုဝင်ဘာ ၁၄ ရက်ကတည်းက စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက် ညပိုင်းတွင် ရက္ခိုင်တပ်တော် AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၁၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။

 

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗျူဟာမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား အလောင်းအချို့နှင့်  လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း ဒီဇင်ဘာလ ၁၂ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်လာသည်။

 

စစ်ကောင်စီသည် ထိုဗျူဟာကုန်းကို လက်မလွှတ်ရရန် လေယာဉ်ပစ်ကူ၊ လက်နက်ကြီး ပစ်ကူ စသော သာလွန် လက်နက်အင်အားဖြင့် ခုခံကာကွယ်ခဲ့သော်လည်း ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်ကလည်း ရက္ခိုင့်တပ်တော် AA အနေဖြင့် ရဟတ်ယာဉ်ကွင်း ၂ ကွင်းပါသည့် ထရွန်အိုင်ဗျူဟာကုန်းကို  သိမ်းပိုက်နိုင်ခဲ့ပြီူဖြစ်သည်။

 

ထိုသို့ တပ်စခန်းများ လက်လွှတ်ဆုံးရှုံးနေရသော စစ်ကောင်စီသည် ယနေ့ ဒီဇင်ဘာ ၁၂ ရက်တွင် နှုံးဘူးဗျူဟာကုန်အပါအဝင် ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီစခန်းများကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်မှုများပြုလုပ်ကြောင်း AA က ဆိုသည်။

 

ထို့ပြင် စစ်ကောင်စီမှ ရက္ခိုင်ဒေသအတွင်းရှိ ဘူးသီးတောင်၊  ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ မြေပုံ မြို့နယ်များအတွင်းရှိ စခန်းအချို့မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး လေကြောင်း၊ ရေကြောင်းများမှ ပစ်ခတ်တိုက်ခိုက်ခြင်းများကို ယနေ့ နံနက် (၈) နာရီခန့်မှ စတင်ပြီး ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

ရခိုင်ပြည်တွင် ၁၀၂၇ စစ်ဆင်ရေးအနေဖြင့် နိုဝင်ဘာ ၁၃ ရက်မှစတင်၍ ရခိုင့်တပ်တော် AA က ဆင်နွှဲခဲ့ပြီး လက်ရှိအချိန်ထိ ထရွန်အိုင်နှင့် နှုံးဘူးဗျူဟာကုန်းများအပြင် စစ်ကောင်စီ တပ်စခန်း ၄၄ ကိုလည်း သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်။

Related News

Depend on news