နှစ် ၂၀ဝ ကျော်သက်တမ်းရှိ အင်းဝမြို့ဟောင်းက ဦးအိုတံတားကို အချိန်မီပြုပြင်ထိန်းသိမ်းရန်လိုအပ်ဟု သုတေသီများဆို

Author ခေတ်နီ
Categories
Published on Aug 23, 2023

မန္တလေးတိုင်းဒေသကြီး အင်းဝမြို့ဟောင်းအတွင်းရှိ နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိသည့် ဦးအိုတံတားတွင် ပျက်စီးမှုများဖြစ်ပေါ်နေ၍ အချိန်မီပြုပြင်ထိန်းသိမ်းမှုများလုပ်ဆောင်သင့်နေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသီများက ထောက်ပြပြောဆိုသည်။

ထိုတံတားပေါ်မှာ ဖြတ်သန်းမောင်နှင်သည့် မော်တော်ယာဉ်များ၏ တန်ပိုတင်ဆောင်ကာ မြန်နှုန်းမြှင့်ဖြတ်သန်းမှုများ၏ တုန်ခါမှုများကြောင့် တံတားကြံ့ခိုင်မှုအားနည်းလာပြီး တံတားပျက်စီးမှုများရှိလာနေသည့်အတွက် ရှေးဟောင်းသုတေသနဋ္ဌာနအနေဖြင့် တံတားကြံ့ခိုင်မှုစစ်ဆေးခြင်း Continuous Monitoring System များကို လုပ်ဆောင်ပြီး အချိန်မီထိန်းသိမ်းရန်လိုအပ်နေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသီတစ်ဦးဖြစ်သူ ကိုသူရအောင်က ထောက်ပြပြောဆိုသည်။

“ရှေးဟောင်းက ဦးအိုတံတားထိန်းသိန်းရေးနဲ့ပတ်သက်လို့လုပ်တာမရှိသေးဘူး။ တံတားကြံ့ခိုင်ရေးစစ်ဆေးတာမျိုးလည်း လုပ်တာကြားကိုမကြားရသေးဘူး။ သူတို့လုပ်ရမှာက ထွေအုပ်တွေ၊ လမ်းတံတားကလူတွေနဲ့တိုင်ပင်ပြီး ယာဉ်ကြီးသုံးတန်အထက်တွေပေးမဖြတ်တာမျိုး၊ Speed limit တွေထားပေးတာမျိုးလုပ်ရမှာ။ ပုဂံက သရပါတံခါးဆိုကြည့်လေ။ ကားကြီးတွေပေးမဖြတ်ဘူး။ ဦးအိုတံတားက အဲဒီလိုလုပ်ဖို့လိုနေတာ” ဟု ဦးသူရအောင်က ထောက်ပြပြောဆိုသည်။

ဧရာဝတီမြစ်အတွင်း သဲထုတ်လုပ်ရေးလုပ်ကွက်များမှ သဲတင်ဆောင်လာသည့်ကားများ၏ တန်ပိုတင်ဆောင်ကာ ယင်းတံတားပေါ်မှ ဖြတ်သန်း၍ အရှိန်မြှင့်မောင်းနှင်မှုများကြောင့် ဦးအိုတံတားတွင် ပျက်စီးမှုများဖြစ်ပေါ်လာနေကြောင်း ရှေးဟောင်းသုတေသီများက ဆိုသည်။

၂၀၁၉ ခုနှစ်တွင်ပြဌာန်းခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ ရှေးဟောင်းဇုန်နယ်မြေများတွင် သုံးတန်အထက်ယာဉ်များဖြတ်သန်းခွင့်မရှိကြောင်း ပြဌာန်းထားသော်လည်း တန်ပိုများတင်ဆောင်ပြီး ဖြတ်သန်းမောင်းနှင်နေကြကြောင်း ဒေသခံများက ဆိုသည်။

“ဖြတ်နေကြတာပဲလေ ၆ တန်၊ ၇ တန်လောက်ရှိတဲ့ကားတွေက ဒီကထွေအုပ်နဲ့ လမ်းတံတားကလူတွေက ကန်ထရိုက်တွေနဲ့ပေါင်းပြီး ပေးဖြတ်နေကြတာ။ ဘာမှတားတာ ဘာညာမရှိဘူး” ဟု အင်းဝဒေသခံတစ်ဦးက ပြောသည်။

ဦးအိုတံတားဟု လူသိများသည့် မဟာဇေယျပထတံတားသည် တစ်မိုင်ခန့်ရှည်လျားပြီး တံတားဦးမြို့နှင့် အင်းဝမြို့ဟောင်းကို ဆက်သွယ်နိုင်ရန် ဘကြီးတော်မင်းလက်ထက် ၁၉ ရာစုအတွင်းက ဆောက်လုပ်ခဲ့သည့်တံတားတစ်စင်းဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံအတွင်း သက်တမ်းအရင့်ဆုံး တံတားတစ်စင်းလည်းဖြစ်ကြောင်း ရှေးဟောင်းသုတေသီများထံမှ သိရသည်။

ဦးအိုတံတားသည် ၁၉၉၆ ခုနှစ်တွင် ယူနက်စကို(UNESCO)၏ ကမ္ဘာ့အမွေအနှစ်အဖြစ်ထားရှိရန် ပဏာမသတ်မှတ်စာရင်း၌ပါဝင်ခဲ့သော်လည်း လက်ရှိအချိန်အထိအတည်ပြုနိုင်ခြင်းတော့မရှိသေးပေ။

ထို့ပြင် အင်းဝမြို့ဟောင်းအတွင်း ဦးအိုတံတားအပါအဝင် အခြားသော ရှေးဟောင်းအမွေအနှစ်များကိုလည်း အရေးတကြီးထိန်းသိမ်းရန်လိုအပ်နေပြီး စစ်ကောင်စီလက်အောက်ခံ ရှေးဟောင်းသုတေသနဌာနအနေဖြင့် အချိန်မီထိန်းသိမ်းမှုများလုပ်ဆောင်သင့်ကြောင်း ရှေးဟောင်းပညာရှင်များက ထောက်ပြပြောဆိုနေကြသည်။