နှစ်သစ်ကူးညက လှိုင်သာယာရှိ စစ်ကောင်စီပစ်မှတ် ၆ ခုကိုတိုက်ခိုက်

Author ကိုထက်
Categories
Published on Jan 01, 2024

နိုင်ငံတကာနှစ်သစ်ကူးည(၂၀၂၃ ဒီဇင်ဘာလ ၃၁ ရက်နေ့ည)က လှိုင်သာယာမြို့နယ်၊ ရဲတပ်ရင်း ၉ အပါအဝင် စစ်ကောင်စီနှင့်ပတ်သက်သည့်နေရာ ၆ ခုကို တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းအဖွဲ့ထံမှ သိရသည်။

 

အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ နေအိမ်၊ အမှတ် ၂ ရပ်ကွက် ရာအိမ်မှူးတစ်ဦး၏နေအိမ်၊ အမှတ် ၁၀ ရပ်ကွက် ရာအိမ်မှူးတစ်ဦး၏နေအိမ်နှင့် စစ်အုပ်စုတပ်စွဲရာ ရဲတပ်ရင်း ၉ တို့ကိုတိုက်ခိုက်ခဲ့ကြောင်း ပျောက်ကြားတပ်ဖွဲ့များက ထုတ်ပြန်သည်။

 

“ညတုန်းက ပေါက်ကွဲသံတွေတော့ ကြားရတယ်။ တပ်ရင်း ၉ ဘက်ကရော၊ ၁ ထိပ်ဘက်ကရောပဲ။ ၁၀ ရပ်ကွက်ဘက်ကလည်း ကြားရတယ်။ ရပ်ကွက်ထဲမှာ လူငယ်တွေ ဟက်ပီးနယူးရီးယားအော်ကြမလို့ သီချင်းတွေဖွင့်နေတဲ့ကြား ပေါက်ကွဲသံတွေကြားရတာ” ဟု လှိုင်သာယာမြို့နယ်နေသူတစ်ဦးက ပြောသည်။

 

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို Anonymous Fighters Force-AFF ၊ Rangoon Urban Force- RUF နှင့် Freeland Attack Force- FLA တို့မှ ဗုံးများ အသုံးပြု၍ ရှောင်တခင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“အထိအခိုက်ကတော့ ကျွန်တော်တို့အသေးစိတ်မသိရဘူး။ အဖွဲ့ဝင်တွေကတော့ အန္တရယ်ကင်းကြပါတယ်။ ပြည်သူတွေကိုပြောချင်တာကတော့ စစ်ကောင်စီထောက်တိုင်တွေနဲ့အနီးနေရာတွေနဲ့ ဝေးဝေးနေကြပါလို့ တောင်းဆိုချင်ပါတယ်” ဟု မြို့ပြပျောက်ကြားအဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

ယင်းတိုက်ခိုက်မှုကြောင့် ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီက Double Cap ကားများဖြင့် လှိုင်သာယာမြို့နယ်အတွင်း လှည့်ပတ်စစ်ဆေးနေသည်ကိုလည်း တွေ့ရသည်။

 

စစ်ကောင်စီက ရန်ကုန်တွင် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို နှစ်သစ်ကူးညတွင် ပယ်ဖျက်ပေးခဲ့သည်။