နှစ်လကျော်ကြာပိတ်ထားသည့် ချင်း-စစ်ကိုင်းဆက် သိုင်းငင်းလမ်းမပြန်ဖွင့်၊ သိမ်းပိုက်ရရှိထားသည့် သိုင်းငင်းကြား ကင်းစခန်းကို လေ့လာခွင့်ပြုမည်ဟုဆို

Author လဂွန်းအိမ်
Categories
Published on Jan 22, 2024

ချင်းပြည်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းတို့ကိုဆက်သွယ်ထားသည့် အဓိကလမ်းမကြီးတစ်ခုဖြစ်သော နှစ်လကျော်ကြာ အသုံးပြုခွင့်ပိတ်ထားခဲ့ပြီးနောက် ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့မှစတင်၍ ပြန်လည်အသုံးပြုခွင့်ပေးကြောင်း CDF Civic Defense Militia – CDM Siyin ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ယင်းလမ်းမသည် စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်နှင့် ဖလမ်းမြို့တို့သို့ သွားရာ အဓိကလမ်းမကြီးဖြစ်သည်။

 

ချင်းတပ်ပေါင်းစုများ အနေဖြင့် စစ်ကောင်စီ၏ သိုင်းငင်းကျေးရွာရှိ သိုင်းငင်းကြားကင်းစခန်းကို သိမ်းပိုက်ရရှိရန် ယင်းလမ်းမကြီးကို ယမန်နှစ်  နိုဝင်ဘာ ၂၃ ရက်နေ့ကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ယင်းစခန်းကို ယခုနှစ် ဇန်နဝါရီ ၁၆ ရက် နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီးနောက် ၆ ရက်အကြာတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

 

” လမ်းမကြီးတစ်ခုလုံးကို လုံခြုံစိတ်ချဘေးကင်းစွာ ပြန်လည်အသုံးပြုသွားလာနိုင်ပါပြီ။ တိုက်ပွဲတွေကြောင့် လမ်းပိတ်ထားတဲ့ နှစ်လကျော်အတွင်း သည်းခံပေးကြတာကို ကျေးဇူးတင်ပါတယ်” ဟု CDF CDM – Siyin မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ထို့ပြင် ကြားကင်းစခန်းကို CDF CDM – Siyin ထံအကြောင်းကြားပြီး ၎င်းတို့ ခွင့်ပြုချက်ဖြင့် လေ့လာခွင့်ရမည်ဖြစ်ကြောင်း CDF CDM Siyin က ဆိုသည်။

 

သို့သော် အကြောင်းမကြားဘဲ လေ့လာကြည့်ရှုစဉ် တစ်စုံတစ်ခုဖြစ်ပေါ်ခဲ့ပါက CDF CDM Siyin မှ တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

 

” ဒီလိုထုတ်ပြန်ထားရတာက ရန်သူပြန်ပြီးနေရာမချနိုင်အောင် စီစဉ်ထားတာတွေရှိပါတယ်။ အန္တရာယ်ရှိတဲ့အတွက်ပါ။ လေ့လာလိုသူတွေအနေနဲ့ ကျွန်တော်တို့ ကင်းတာဝန်ယူပြီး လေ့လာခွင့်ပေးမှာပါ” ဟု CDF CDM Siyin ပြောရေးဆိုခွင့်ရှိသူက CJ Platform သို့ ထပ်မံပြောကြားသည်။

 

သိုင်းငင်းစခန်းသိမ်းတိုက်ပွဲအတွင်း လမ်းမကြီးကို ယမန်နှစ်နိုဝင်ဘာ ၂၃ ရက်နေ့တွင် CDF CDM Siyin မှ စတင်ပိတ်ခဲ့ရာမှ ဒီဇင်ဘာ ၉ ရက်နေ့တွင် တစ်ညတာ လမ်းပြန်ဖွင့်ပေးခဲ့ပြီး နောက်တစ်နေ့ ဒီဇင်ဘာ ၁၀ ရက်တွင် စစ်ကောင်စီမှ ပြည်သူအယောင်ဆောင်ဝင်ထွက်မည့်အရိပ်အယောင်ကြောင့် ပြန်ပိတ်ထားခဲ့သော်လည်း ဒီဇင်ဘာ ၁၇ ရက်နေ့တွင် အဆင်းလမ်းကို ၃ ရက်ပြန်ဖွင့်ပေးခဲ့သေးသည်။

 

ဓာတ်ပုံ – CDF CDM Siyin

 

ပုံစာညွှန်း – သိုင်းငင်းကြားကင်းစခန်းသိမ်းပိုက်အပြီး တွေ့မြင်ရသည့် CDF CDM Siyin မှ ရဲဘော်များကိုတွေ့ရစဉ် (ပုံဟောင်း)