နှစ်ရက်အတွင်း နွေဦးတော်လှန်ရေး လှုပ်ရှားသူများအပါအဝင် အမျိုးသမီး ၁၂ဦး ထက်မနည်း ဖမ်းဆီးခံလိုက်ရ

Author မောင်ဒဂုံ
Categories
Published on Sep 14, 2022

ပြီးခဲ့သည့် နှစ်ရက်အတွင်း နွေဦးတော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေသည့် အမျိုးသမီးများ အပါအဝင် အမျိုးသမီး ၁၂ ဦးထက်မနည်းသည် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ယမန်နေ့က ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း သပိတ် ပစ်ခတ် ဖမ်းဆီးခံရသည့် ဖြစ်စဥ်တွင် တက်ကြွလှုပ်ရှားသူ အမျိုးသမီး ၉ ဦးပါဝင်နေသည်။

၄င်းတို့ထဲတွင် မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားမဂ္ဂများအဖွဲ့ချုပ် – IWFM မှ ဒေါ်ဇူးဇူးရာခိုင်နှင့် ဒေါ်ယမင်းကေသွယ်ခိုင်တို့လည်း ပါဝင်ကြောင်း CTUM ၏ ထုတ်ပြန်မှုမှ သိရသည်။

အဆိုပါ ဖြစ်စဥ်တွင် သပိတ်အဖွဲ့များ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ အပါအဝင် စုစုပေါင်း ၂၇ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

စက်တင်ဘာ ၁၂ရက်တွင် တော်လှန်ရေး သတင်းများ တင်ဆက်ပေးနေသည့် Voice Of Mandalay သတင်းကွန်ယက်၏ Admin မယုဝေမြင့်ကို စစ်ကောင်စီတပ်များက မန္တလေးမြို့၌ ဖမ်းဆီးခဲ့သည်။

ယင်းနေ့တွင်ပင် စစ်ကိုင်းမြို့၌ မစန္ဒီနှင့် မချောစုအောင်တို့ကိုလည်း စစ်ကောင်စီတပ်များက ဖမ်းဆီးခဲ့သည်ဟု သိရပြီး ၄င်းတို့ကိုမူ မည်သည့်အတွက် ဖမ်းဆီးထားခြင်းကို အတည်ပြု၍ မရသေးပေ။

ပြီးခဲ့သည့် နှစ်ရက်အတွင်း ဖမ်းဆီးခံရသည့် အမျိုးသမီး အရေအတွက်မှာ ယခုထက် ပိုမို များပြားနိုင်ပြီး အခြားသော သတင်းမထွက်ပဲ ဖမ်းဆီးခံလိုက်ရသည့် ဖြစ်စဥ်များလည်း ရှိနိုင်မည် ဖြစ်သည်။