နှစ်ရက်အတွင်း စစ်ကိုင်းပြတ်ရွေ့မှ ငလျင်သုံးကြိမ်လှုပ်ခတ်၊ ငလျင်ကြီး၏ ရှေ့ပြေးငလျင် ဖြစ်နိုင်သောကြောင့် သတိထားရန်လို

Author လင်းခိုင်
Categories
Published on Dec 16, 2022

နှစ်ရက်အတွင်း စစ်ကိုင်းပြတ်ရွေ့မှ ငလျင်သုံးကြိမ်လှုပ်ခတ်ခဲ့ပြီး၊ ယင်းငလျင်များသည် ငလျင်ကြီး၏ ရှေ့ပြေးငလျင်ငယ်များဖြစ်နိုင်သောကြောင့် သတိထားရန်လိုအပ်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီ ဥက္ကဌဟောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက ပြောကြားသည်။

“အခုလှုပ်သွားတဲ့ ငလျင်ပမာဏတွေက နောက်ဆက်တွဲငလျင်တော့ ဖြစ်စရာမရှိဘူး။ ဒီထက်ကြီးတဲ့ ငလျင်ကြီးရဲ့ ရှေ့ပြေးဖြစ်မှာကိုသာ သတိထားရမှာပါ” ဟု ဦးစိုးသူရထွန်းကပြောကြားသည်။

စစ်ကိုင်းပြတ်ရွေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်များသည် ဒီဇင်ဘာ ၁၆ရက် က ပြည်ကြီးတံခွန်မြို့၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၃ဒသမ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။

ထို့ပြင် ဒီဇင်ဘာ ၁၅ ရက် ည ၁၁ နာရီ၊ ၄၃ မိနစ်တွင်လည်း ပင်လည်ဘူးမြို့၏ မြောက်-အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၄ဒသမ၂ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်းသိရသည်။

ယင်းအပြင် ဒီဇင်ဘာ ၁၅ ရက် နံနက် ၃နာရီ၊ ၁၆ မိနစ်တွင် တံတားဦးမြို့၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာ ၊ အနက် ၆၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၅ဒသမ၂ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ယင်းငလျင်ကြောင့် ဘုရားစေတီအချို့မှ စိန်ဖူးတော်များ၊ ငှက်မြတ်နားတော်များပျက်စီးခဲ့မှုအပြင် လူနေအိမ်အချို့ပျက်စီးမှုများဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကုလားတန်ပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့ စသည့် ပြတ်ရွေ့ကြောကြီးများပေါ်တွင် တည်ရှိနေပြီး ယင်းငလျင်ကြောများသည် အင်အားရစ်ခ်ျတာစကေး ၆ နှင့်အထက်လှုပ်ခတ်နိုင်သည့် ငလျင်ကြောကြီးများဖြစ်သည်။

ထို့ပြင် ရစ်ခ်ျတာစကေး ၂ မှ ၅ အထိလှုပ်ခတ်တတ်သည့် မြေငလျင်ကြောငယ် လေးဆယ်ခန့်ရှိသည့်အတွက် မြန်မာနိုင်ငံသည် ငလျင်အန္တရာယ်ကို အချိန်မရွေးခံစားရနိုင်ပြီး ကမ္ဘာပေါ်တွင် မြေငလျင်အန္တရာယ်ကြီးမားသည့် နိုင်ငံများတွင်ပါ၀င်သည်။

မြန်မာနိုင်ငံ၌ အင်အားကြီးငလျင်များကြော့် လူသေဆုံးခဲ့မှုများသည် ၁၉၃၀ ခုနှစ်က စစ်ကိုင်းပြတ်ရွေ့မှ လှုပ်ခတ်ခဲ့သည့် ပဲခူးငလျင်သည် အင်အးရစ်ခ်ျတာစကေး ၇ ဖြင့်လှုပ်ခတ်ခဲ့ပြီး လူ၅၅၀ ကျော်သေဆုံးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ရစ်ခ်ျတာစကေး ၆ဒသမ၈ အဆင့်ရှိ ငလျင်သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၌လှုပ်ခတ်ခဲ့မှုကြောင့် လူ ၈၀ သေဆုံးခဲ့သည်။

ဆက်လက်ပြီး ၂၀၁၂ ခုနှစ်တွင် မန္တလေးမြို့မြောက်ဘက်တွင် ရစ်ခ်ျတာစကေး ၆ ဒသမ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၂၆ ဦးသေဆုံးမှုနှင့် ၂၀၁၆ ခုနှစ်တွင် ပုဂံဘုရားများ ပြိုကျစေခဲ့သည့် ရစ်ခ်ျတာစကေး ၆ဒသမ၈ အဆင့်ရှိ ငလျင်များလှုပ်ခတ်ခဲ့သည်။

အဆိုပါ လူအသေအဆုံးများဖြစ်ခဲ့သည့် ငလျင်ကြီးများသည် ရှမ်းပြည်နယ်မှ လွဲပြီး ကျန်ငလျင်များသည် စစ်ကိုင်းပြတ်ရွေ့မှ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှ စတင်ကာ မုတ္တမပင်လယ်ကွေ့အထိ မြောက်မှတောင်အထိရှိနေကာ ယင်းပြတ်ရွေ့တစ်လျှောက်တွင် မြစ်ကြီးနား၊ သပိတ်ကျင်း၊ တကောင်း၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ ဖြူး၊ ပဲခူးနှင့် ရန်ကုန်စသည့် မြို့ကြီးများ တည်ရှိနေကာ ရစ်ခ်ျတာစကေး ၇ အထိ လှုပ်ခတ်ခဲ့သည့် ပဲခူးငလျင်သည် နှစ်ပေါင်း ၉၀ ကျော်ရှိပြီဖြစ်သောကြောင့် အင်အားပြင်းငလျင်ပြန်လည် လှုပ်ခတ်နိုင်မှုကိုလည်း သတိထားရမည်ဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ငလျင် #ရှေ့ပြေး #စစ်ကိုင်းပြတ်ရွေ့