နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ငွေကြေးကိစ္စ ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ်ခြောက်နှစ်ချမှတ်

Author ကိုပေါက်
Categories
Published on Dec 07, 2022

ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ယမန်နေ့ နေ့လယ်ပိုင်းက အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးမှ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၈၂ နှင့်ပုဒ်မ ၁၇၁ တို့ဖြင့် ထောင်ဒဏ်ခြောက် နှစ်ချမှတ်ခဲ့သည်ဟု အကျဥ်းဦးစီးဌာနက သိရသည်။

NLD အစိုးရလက်ထက်တွင် ထောင်ပြေးမှုဖြင့် ဖမ်းဆီးခံရသည့် UDP ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ပုဒ်မ ၈၂ နှင့် ၁၇၁ အတွက် ထောင်ဒဏ် ခြောက်နှစ်နှင့်ငွေဒဏ် တစ်သိန်းချမှတ်ခဲ့တာဖြစ်သည်ဟု အကျဥ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောသည်။

“တစ်မှုကို သုံးနှစ်စီ အမိန့်ချတာ နှစ်မှုဆိုတော့ ခြောက်နှစ် ဒဏ်ငွေက တစ်သိန်း အခြားအမှုတွေလည်း ဒီလထဲမှာပဲအမိန့်ချဖို့ရှိတယ်”ဟု ပြောသည်။

ထိုအပြင် ဦးကျော်မြင့်မှာ လဝကဥပဒေ ပုဒ်မ ၁၃(၁)၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၃ ဖြင့် ထပ်မံ တရားရင်ဆိုင်ရမှာ ဖြစ်သည်ဟု တရားရေးနှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“ပုဒ်မ၁၃ (၁) ကတော့ ဒီလပိုင်းထဲအမိန့်ချမယ် ငွေကြေးခဝါချမှုကိုလည်း ထပ်စစ်မယ် ဒီလို အမိန့် မြန်မြန်ချတာ လွှတ်ငြိမ်းမှာ ထည့်ပေးမလို့နဲ့တူတယ်”ဟု ရှင်းပြသည်။

ဦးကျော်မြင့်ကို ၂၀၂၀ နှစ် စက်တင်ဘာ ၃၀ ရက်နေ့ ညပိုင်းက လှိုင်သာယာမြို့နယ် ပန်းလှိုင်အိမ်ယာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် ချမ်းအေးသာစံတရားရုံးမှ နိုဝင်ဘာ၂၂ ရက်နေ့တွင် ထောင်ပြေးမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့သည်။

၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDPကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #UDF #ဦးကျော်မြင့်