နွေဦးပညာရေးအတွက် ကန်ဒေါ်လာ ၁ သန်းကျော် ရန်ပုံငွေချပေးထားဟု ယာယီသမ္မတပြော

Author ကိုထားဝယ်
Categories
Published on Oct 05, 2023

ဖက်ဒရယ်ပဋိညာဉ်စာတမ်း၊ ဖက်ဒရယ်ပညာရေးမူဝါဒပါ စံတန်ဖိုးများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)အနေဖြင့် အမေရိကန်ဒေါ်လာ ၁ သန်းကျော် ပညာရေးရန်ပုံငွေအဖြစ်ချပေးထားကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

၎င်းက ယနေ့အောက်တိုဘာ ၅ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ဆရာများနေ့အခမ်းအနားတွင်ပြောကြားခဲ့သည့် အဖွင့်အမှာစကားအတွင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

” ကျွန်တော်တို့ဟာ စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်ကိုဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ထောင်ဖို့ နွေဦးတော်လှန်ရေးကိုဆင်နွှဲနေကြတာဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်တဲ့နေရာမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စံတန်ဖိုးတွေပါဝင်တဲ့ ပညာရေးစနစ်ဖြစ်ဖို့က အင်မတန်အရေးကြီးပါတယ်” ဟု ယာယီသမ္မတ ဒူဝါ လရှီးလက ပြောသည်။

NUG ၏ ယခုနှစ် ဧပြီလစာရင်းဇယားများအရ အခြေခံပညာကဏ္ဍတွင် အွန်လိုင်းကျောင်း ၇၀ ကျော်နှင့် မြေပြင် သင်ကြားရေးကျောင်း ၅၀၀၀ ကျော်ဖွင့်လှစ်သင်ကြားနေကြောင်း သိရသည်။

ထို့ပြင် ကြားကာလအတွင်း တည်ထောင်ဖွင့်လှစ်သည့် အဆင့်မြင့်ပညာကျောင်းများအတွက် အသိအမှတ်ပြုမူဝါဒကို ယခုနှစ် စက်တင်ဘာ ၄ ရက်တွင် အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က အတည်ပြုပြဌာန်းခဲ့သည်။

“ပညာရေးမှာ‌ နောက်ကျကျန်ရစ်နေခဲ့ရင် ကမ္ဘာကြီးနဲ့ အမီလိုက်နိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ ဆရာ/ဆရာမများအနေနဲ့ နိုင်ငံတည်ဆောက်ရေးအတွက် ပညာရေးအခန်းကဏ္ဍကနေ တော်လှန်ရေးမှာ တတ်စွမ်းသမျှပါဝင်ဆောင်ရွက်ပေးကြပါ။ ဆောင်ရွက်နိုင်လိမ့်မယ်လို့လည်း ကျွန်တော်အပြည့်အဝယုံကြည်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

စစ်ကောင်စီသည် စစ်ဘက်အရပ်ဘက်မရွေး စာသင်ကျောင်းများကိုလည်း ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဆရာ/ဆရာမများကို ဖမ်းဆီးအရေးယူခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ကျူးလွန်နေပြီး Global Coalition to Protect Education from Attack(GCPEA)၏ နောက်ဆုံးထုတ်ပြန်ထားရာတွင် ပြီးခဲ့သည့်နှစ်အတွင်း ပညာရေးကဏ္ဍတိုက်ခိုက်ခံရသည့် ထိပ်ဆုံး ၃ နိုင်ငံအတွင်း မြန်မာနိုင်ငံပါဝင်ခဲ့သည်။