နွေဦးတော်လှန်ရေး ရက်ပေါင်း ၁၁၀၀ ကျော်အတွင်း စစ်ကောင်စီကြောင့် သေဆုံးရသူ ၄၈၀၀ နီးပါးရှိပြီဟု AAPP ဆို

Author ကိုထားဝယ်
Categories
Published on Mar 26, 2024

နွေဦးတော်လှန်ရေး ရက်ပေါင်း ၁၁၄၉ ရက်အတွင်း အာဏာသိမ်းစစ်ကောင်စီကြောင့် သေဆုံးရသူ ဒီမိုကရေစီအရေးလှုပ်ရှားသူနှင့် အရပ်သား ၄၈၀၀ ဦးနီးပါးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ယမန်နေ့ မတ်လ ၂၅ ရက်ထုတ်ပြန်ချက်အရ သိရသည်။

 

နွေဦးတော်လှန်ရေးစတင်ခဲ့သော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ယခုနှစ် မတ်လ ၂၅ ရက်အထိ သေဆုံးသူ ၄၇၈၃ ဦးအပြင် အတည်ပြုရန်လိုအပ်သည့် စုံစမ်းစဲသတ်ဖြတ်ခံရသူ ၁၇၀၀ ဦးဝန်းကျင်ကျန်ရှိနေသည်ဟု AAPP က ဆိုသည်။

 

ထို့ပြင် နိုင်ငံတစ်ဝှမ်း မတရားဖမ်းဆီးခံရသူ ၂၆,၄၄၂ ဦးထဲမှ ၂၀,၂၇၀ ဦးမှာ အကျဉ်းထောင်အသီးသီး၌ ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ၈,၈၇၃ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု သိရသည်။ ပြန်လည်လွတ်မြောက်လာသူ (၆၁၇၂) ဦး ရှိသည်ဟု သိရသည်။

 

နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ ၁၂၃ ဦးရှိပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦးအပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသည်။ ထို့ကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၆) ဦး ရှိပြီဖြစ်သည်ဟု AAPP ထံမှ သိရသည်။

 

အထက်ဖော်ပြပါအရေအတွက်များသည် မြေပြင်အချက်အလက်များနှင့်ကွဲလွဲနိုင်ပြီး ယခုထက် ပိုမိုများပြားနိုင်သည်ဟု AAPP က မှတ်ချက်ရေးသားထားသည်။