နွေဦးတော်လှန်ရေးသည် ကမ္ဘာတွင်ထင်ရှားသည့် ပွဲသိမ်းအောင်ပွဲအဖြစ် မော်ကွန်းထိုးနိုင်မည်ဟု CRPH ဆို

Author လင်းခိုင်
Categories
Published on Nov 01, 2022

နွေဦးတော်လှန်ရေးသည် ပွဲသိမ်းအောင်ပွဲအဖြစ် ကမ္ဘာမှာထင်ရှားသည့် သမိုင်းမှတ်တမ်းအဖြစ် မော် ကွန်းထိုးနိုင်မည်ဟု ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ကျောင်းသားတပ်မတော်(ABSDF) တည်ထောင်ခြင်း ၃၄နှစ်ပြည့်အခမ်းအနားသို့ ပေးပို့သည် သ၀ဏ်လွှာ၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီတပ်ဦးသည် ၁၉၈၈ နို၀င်ဘာ ၁ရက်မှ စတင်ကာ ABSDF တည်ထောင်ခဲ့သည်မှာ ၃၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ “ လွတ်လပ်ရေးဆိုတာ ညှိယူလို့မရ၊ တိုက်ယူရမည်” ဆိုသည့်အတိုင်း တက္ကသိုလ်သင်ခန်းစာများကို ကျောခိုင်းကာ အဖိနှိပ်ခံပြည်သူလူထု တစ်ရပ်လုံး စစ်အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အ ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး စသည့် နိုင်ငံရေးဦးတည်ချက် ၄ ရပ်ဖြင့် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက် ထုတ်နေသည်မှာ ယနေ့ချိန်အထိ ဖြစ်သည်ဟု သ၀ ဏ်လွှာတွင် ဆိုထားသည်။

နွေဦးတော်လှန်ရေးတွင်လည်း ပြည်သူလူထုနှင့်အတူ စည်းလုံးညီညွတ်စွာ တိုက်ပွဲ၀င်တွန်းလှန်နေသည်ကို ကြည့်ခြင်းအားဖြင့် ABSDF သည် ဒီမိုကရေစီစိတ်ဓာတ်ရှင်သန် ထက်မြတ်ခိုင်မာနေဆဲဖြစ်ပြီး၊ နွေဦးတော်လှန်ရေးတွင် အသက်၊ သွေး၊ ချွေး၊ ဘဝပေါင်းများစွာ ပေးဆပ်ခဲ့ကြသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးမှ ရဲဘော်အပေါ်အား ဦးညွတ်အလေးပြုအပ်သည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာ့သမိုင်း တစ်လျှောက်တွင် စစ်အာဏာရှင်သည် လက်နက်အားကိုးပြီး လူမျိုးကြီးဝါဒကို မွေးမြူကာ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးကို မျက်ကွယ်ပြုပြီး အာဏာတည်မြဲရေးကိုသာ ရှေးရှု့ခဲ့သဖြင့် ရှုတ်ထွေးသောနိုင်ငံရေး ပြသနာပေါင်းစုံပေါ်ပေါက်ခဲ့ကာ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့သည်မှာ ယနေ့အထိ မငြိမ်းချမ်းသေးကြောင်း CRPH ကဆိုသည်။

ထို့ကြောင့် ဘုံရန်သူဖြစ်သော အာဏာသိမ်းစစ်တပ်ကို တော်လှန်သည်မှာ နွေဦးတော်လှန်ရေးသည်သာ နောက်ဆုံးသိမ်းအောင်ပွဲအဖြစ် ကမ္ဘာမှာထင်ရှားသည့် သမိုင်းမှတ်တမ်းအဖြစ် မော်ကွန်းထိုးနိုင်မည်ဟု CRPH သ၀ဏ်လွှာတွင်ဖော်ပြထားသည်။

CRPH အနေဖြင့် နွေဦးတော်လှန်ရေးအဆုံးသတ် တိုက်ပွဲတွင် ABSDF အပါအ၀င် တော်လှန်ရေးအင်အားစုများ အားလုံးနှင့်အတူတကွ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သ၀ဏ်လွှာ၌ ကတိပြုထားသည်။

Related News

Depend on news