နွေဦးခရာသံ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့မှ ပဒေသာပင်ယူကျူ့ချန်နယ်နှင့် ပူးပေါင်းကာ “ကျွန်တော်နှင့်အလွဲများ” ဟာသဇာတ်လမ်းတို စတင်ရိုက်ကူး

Author ခွန်စစ်နိုင်
Categories
Published on Aug 09, 2023

နွေဦးခရာသံ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့မှ ပဒေသာပင် ယူကျူ့ချန်နယ်နှင့် ပူးပေါင်းကာ “ကျွန်တော်နှင့်အလွဲများ” ဟာသဇာတ်လမ်းတိုကို ယမန်နေ့ ဩဂုတ်လ ၉ရက်နေ့မှ မှစတင်ကာ ရိုက်ကူးမှုများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းဇာတ်လမ်းသည် ဟာသဇာတ်လမ်းတို အမျိုးအစားဖြစ်ပြီး နွေဦးတော်လှန်ရေးတွင် နည်းလမ်းပေါင်းစုံမှ ပါဝင်ခဲ့ကြသော တော်လှန်ရေး မျိုးဆက်သစ် လူငယ်များ ဖြစ်သည့် သရုပ်ဆောင် ကောင်းကောင်း ၊ ပန်းမြတ်သော်တာ၊ စောအရုဏ်ဦး ၊ နှင်းထက်ထက်တို့နှင့်တူ နွေဦးခရာသံ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ဝင်များမှ ရိုက်ကူး တင်ဆက်ကြမည်ဖြစ်ကြောင်း သိရသည်။

“အခုစရိုက်နေပါပြီ ဟာသဇာတ်လမ်းတိုလေးပေါ့၊ ပြီးရင်တော့ “ တိမ်ကင်းတဲ့ လ” ဇာတ်လမ်းတိုလေးလည်း ရိုက်ကူးဖို့ ရှိပါတယ်၊ ဒါရိုက်တာကတော့ ခွန်စိုင်းပေါ့၊ ကျနော်တို့ပြည်သူတွေ တော်လှန်ရေးဘက်မှာ အရမ်းပင်ပန်းနေပြီ အဲ့ဒီအတွက် ကျနော်တို့ ဖြေဖျောက်မှုလေးပေးချင်တယ်၊ ပြီးတော့ ဇာတ်လမ်းလည်း ကြည့်ရင်း တော်လှန်ရေးအတွက် ရန်ပုံငွေရရှိစေဖို့ ရည်ရွယ်ပါတယ်ဗျ၊ ရိုက်ကူးပြီးစီးတဲ့အခါ ပဒေသာပင် ယူကျူ့ချန်နယ်မှာ ပြသမှာပါ၊ ဇာတ်လမ်းကြည့်ရင်း တော်လှန်ရေးမှာ ပါဝင်ပေးဖို့ ကျနော်တို့ နွေဦးခရာသံ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ ကိုယ်စား တိုက်တွန်းတောင်းဆိုချင်ပါတယ်ဗျ”ဟု နွေဦးခရာသံ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် သရုပ်ဆောင် ကောင်းကောင်းက ဆိုသည်။

နွေဦးခရာသံ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့သည် Spring Film Academy နွေဦးရုပ်ရှင် အကယ်ဒမီသင်တန်းကျောင်းမှ မွေးဖွားပေးလိုက်သော ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တစ်ခုဖြစ်ပြီး ပဒေသာပင်အဖွဲ့နှင့် ပူးပေါင်းကာ ပဉ္စလက်ဆန်သောနွေ ၊ ယုံကြည်ရာ ၊ ရှေ့ဆက်ရမည့် မနက်ဖြန် စသော ရုပ်ရှင်ဇာတ်လမ်းတိုများ ရိုက်ကူးပြီးစီးခဲ့ပြီး ဆက်လက်ပြီးလည်း ရိုက်ကူးတင်ဆက်ရန် ကြိုးပမ်းလျက်ရှိကြောင်း လစဥ် ရုပ်ရှင်ဇာတ်လမ်းများ ကြည့်ရှုခြင်းမှ ရရှိသော ဝင်ငွေများဖြင့် တော်လှန်ရေးအင်အားစုများထံသို့ စီးဆင်းစေနိုင်ခဲ့ကြောင်း သိရသည်။