နွားထိုးကြီးမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီတပ်သားများကို Drone ဖြင့် ဗုံးကြဲတိုက်ခိုက်

Author ပိုင်သျှံခ
Categories
Published on Jan 30, 2024

မန္တလေးတိုင်း ၊နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာတွင်၂၀၂၃ ခုနစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၄၀မိနစ်ခန့်က မြင်းခြံဒရုန်းတပ်ဖွဲ့ ရင်း (၄၊၈) နှင့် နွားထိုးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ပူးပေါင်း၍ ပြင်စည်ကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်းတွင် တပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့များကို  Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီးမြို့နယ် သတင်းတာဝန်ခံမှ  CJ Platform သို့ ပြောသည်။

 

တော်လှန်ရေးတပ်ဖွဲ့များမှ ပစ်ချသည့် ဗုံးမှာ ကျောင်းဝန်းအတွင်းရှိ ရေစက်၊ မီးစက်ထားသည့် အဆောင်ဘေးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါ Drop Bomb ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦး ဗုံးစ ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဒဏ်ရာရခဲ့သည့် စစ်သား ၂ ဦးကို မိတ္ထီလာ စစ်ဆေးရုံ ( ကုတင်-၅၀၀ ) သို့ ပို့ဆောင်ထားကြောင်း စစ်တပ်ဝါဒဖြန့်ချီရေး တယ်လီဂရမ်ချန်နယ်တစ်ခု ဖြစ်သည့် PAN တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

 

” မြင်းခြံခရိုင် ရင်း၄၊၈၊ ပကဖနဲ့ ဒရုန်းအဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်တာပဲဗျ FixedWing Droneနဲ့   ၃လုံး ချတာ တစ်လုံးပဲကွဲတယ်” ဟု နွားထိုးကြီးမြို့နယ် သတင်းတာဝန်ခံမှ CJ Platform သို့ ပြောကြားသည်။

 

ပြင်စည်ကျေးရွာ အထက်တန်းကျောင်းအတွင်း ဗုံးပစ်ချခဲ့ရပြီးနောက် စစ်ကောင်စီတပ်သားများမှ နွားထိုးကြီး–မြစ်သားလမ်းအား တစ်နာရီခန့် ပိတ်ဆို့ထားခဲ့သဖြင့် ကားများ ခရီးလမ်းကြန့်ကြာမှုဖြစ်ခဲ့ကြောင်း နွားထိုးမြို့နယ်ရှိ ဒေသခံတစ်ဦးထံမှ သိရှိရသည်။

 

ယင်းညနေမှာပင် မြင်းခြံဒရုန်းတပ်ရင်းနှင့် နွားထိုးကြီး ပကဖ ပူး ပေါင်းတပ်ဖွဲ့များမှ မလှိုင်မြို့နယ် သုံးထောင် ကျေးရွာရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားရာနေရာကိုလည်း ဒရုန်းဖြင့် ဗုံးတစ်လုံးကြဲချ၍ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သတ်၍ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုတော့ CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။